ကျောက်ချောစစ်ဆေးရေးစခန်း၌ သိန်း ၁၀ဝ၀ ​ကျော်​တန်​ဖိုးရှိ စိတ်​ကြွ​ဆေးနှင့် ဘိန်းဖြူများ သိမ်းဆည်းရမိ

ကျောက်ချောစစ်ဆေးရေးစခန်း၌ သိန်း ၁၀ဝ၀ ​ကျော်​တန်​ဖိုးရှိ စိတ်​ကြွ​ဆေးနှင့် ဘိန်းဖြူများ သိမ်းဆည်းရမိ

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ (၁၆)မိုင် ကျောက်ချောစစ်ဆေးရေးစခန်းတွင် ခရီးသည်​တင်​ ယာဉ်​​ပေါ်လိုက်​ပါသူထံမှ ကျပ်​သိန်း ၁၀ဝ၀ ​ကျော်​တန်​ဖိုးရှိ စိတ်​ကြွ​ဆေးနှင့် ဘိန်းဖြူများကို သက်​ဆိုင်​ရာက ​အောက်​တိုဘာ ၂၆ ရက်​​တွင်​ သိမ်းဆည်းရမိခဲ့သည်​။

အဆိုပါ​နေ့ နံနက်​ ၄ နာရီ  အချိန်ခန့်တွင်​ (၁၆)မိုင် ကျောက်ချောစစ်ဆေးရေးစခန်း၌ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု(၁၇) မှတပ်​ဖွဲ့ဝင်​များနှင့်​ပူး​ပေါင်းအဖွဲ့ဝင်​များသည်​
သတင်းအရ ယာဉ်များကို ရှာဖွေစစ်ဆေးစဉ် မူဆယ်မှ မန္တလေးဘက်သို့ မောင်းနှင်လာသည့် ခရီးသည်တင် ယာဉ်ကို ရှာဖွေစဉ် ယာဉ်၏ဝမ်းဗိုက်ခန်း အတွင်းမှ ပစ္စည်းများအား ယူဆောင် စစ်ဆေးခဲ့သည်​။ အဆိုပါပစ္စည်းများအနက် ယာဉ်ပေါ်တွင် စီးနင်းလိုက်ပါလာသည့် လွယ်ခန်ကျေးရွာ၊ ကွတ်ခိုင်မြို့နယ်နေ နော်ဘောက် ၄၉ နှစ်ယူဆောင်လာသည့်  အဖြူရောင်ဆာလာအိတ်အတွင်းမှ တံဆိပ်မပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၁၂ဝဝဝ ပြား (ဒေသကာလပေါက် ဈေးတန်ဖိုးငွေကျပ် ၆ဝဝ သိန်းခန့်)၊ ဘိန်းဖြူမှုန့်ဆပ်ပြာခွက် ၁ ခွက်လျှင် ၁၂ ဂရမ်ခန့်စီပါ ဆပ်ပြာခွက် ၅၅ ခွက်၊ စုစုပေါင်းအလေးချိန် ၆၆ဝ ဂရမ်ခန့် (ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၄၆၂ သိန်းခန့်)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ ခြင်းဖြစ်သည်။

အုန်းချောနယ်မြေရဲစခန်း မယ(ပ) ၈၄/၁၈၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၉(က)/၂၁ အရအမှုဖွင့် အ​ရေးယူထားသည်​။