မြိတ်မြို့၌ အထပ်မြင့် အဆောက်အအုံ များ မီးလောင်မှုဖြစ်ပွားပါက အရေးပေါ် မီးငြှိမ်းသတ်နိုင်သည့်ယာဉ်ကို တပ်ဖွဲ့ဝင်များ ကိုင်တွယ် အသုံးပြုမှုအပိုင်းနှင့် ကျွမ်းကျင်မှု အပိုင်းတို့တွင် အားနည်းချက်အချို့ရှိနေသေး ကြောင်း သိရသည်။
မြိတ်ခရိုင် မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင် များဖြင့် ပွင့်လင်းရာသီတွင် မီးငြှိမ်းသတ် ဇာတ်တိုက် လေ့ကျင့်မှုများကို ပုံမှန်ပြုလုပ်လျက် ရှိနေပြီး ယခုနှစ်တွင် အထပ်မြင့်အဆောက် အအုံများ၌ စနစ်တကျ ငြိမ်းသတ်ခြင်းနှင့် ရှာဖွေကယ်ဆယ်ရေးများကိုပါ ထည့်သွင်း လေ့ကျင့်ပေးလျက်ရှိသည်။
“တပ်ဖွဲ့ဝင်တွေအနေနဲ့ အထပ်မြင့် အဆောက်အအုံတွေ မီးငြှိမ်းသတ်ဇာတ်တိုက် လေ့ကျင့်မှုအပိုင်းမှာ စက်ယန္တရားကိုင်တွယ် တဲ့ နည်းစနစ်တွေ လိုနေပါသေးတယ်။ ဆိုလို တာက အရေးပေါ်မီးလောင်မှုဖြစ်နေချိန်မှာ စက်ကို ဘယ်လိုမောင်းရမယ်၊ ကရိန်းကို ဘယ်လို ရွှေ့ရမယ်ဆိုတာတွေကို ချက်ချင်း မလုပ်နိုင်သေးတာ တွေ့ရပါတယ်၊ နောက်ပြီး ကျွမ်းကျင်မှုလည်း သိပ်မရှိသေးဘူး၊ ဒါကို ထပ်ပြီး များများလေ့ကျင့်၊ များများလေ့လာဖို့ လိုအပ်နေပါသေးတယ်”ဟု အလယ်ကျွန်း နယ်မြေမှ အရန်မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးက မှတ်ချက်ပြုပြောဆိုသည်။
မြိတ်မြို့တွင် အထပ်မြင့် အဆောက်အအုံ များကို ယခုနောက်ပိုင်းတွင် ဆောက်လုပ်မှု များလာပြီး သုံးထပ်နှင့် အထက် အဆောက် အအုံ ၂၀ဝကျော်ထိရှိပြီး အထပ်မြင့် မီးငြှိမ်း သတ် ယာဉ်ကိုလည်း ပြီးခဲ့သည့်နှစ်က မြို့ခံ များနှင့် လုပ်ငန်းရှင်များ၏ စုပေါင်းထည့်ဝင် ငွေဖြင့် ကိုယ်ထူကိုယ်ထယာဉ်တစ်စီးကို စတင် ဝယ်ယူခဲ့သည်။
မြိတ်မြို့တွင် မီးသတ်ယာဉ် ၁၆ စီး၊ ရေ သယ်ယာဉ် ၁၂ စီး၊ အထပ်မြင့် မီးငြှိမ်းသတ် ယာဉ်တစ်စီး၊ လူနာတင်ယာဉ်တစ်စီး၊ အုပ်ချုပ် မှူးယာဉ်တစ်စီး၊ ရှေ့ပြေးယာဉ် ဆိုင်ကယ်တစ်စီး၊ မီးငြှိမ်းသတ်ရေယာဉ် လှေနှစ်စင်းနှင့် မီးသတ် တပ်ဖွဲ့ဝင် သန္ဓေနှင့်အရန် စုစုပေါင်း ၂၆၀ဝ နီးပါးရှိသည်။
















