ခါရှောဂီအလောင်းတည်နေရာ ဖော်ထုတ်ပေးရန် တူရကီသမ္မတက ဆော်ဒီကို တောင်းဆို

ခါရှောဂီအလောင်းတည်နေရာ ဖော်ထုတ်ပေးရန် တူရကီသမ္မတက ဆော်ဒီကို တောင်းဆို

တူရကီရှိ ဆော်ဒီကောင်စစ်ဝန်ရုံးတွင် သေဆုံးခဲ့ရသည့် ဆော်ဒီသတင်းစာဆရာ ဂျမဲလ်ခါရှောဂီ၏ အလောင်း တည်နေရာကို ဖော်ထုတ်ပေးရန် ဆော်ဒီအာရေဗျအာဏာပိုင်များကို တူရကီသမ္မတ ရီဆက်တေးရစ်ပ် အာဒိုဂန်က တောင်းဆိုခဲ့သည်။

ဆော်ဒီ တရားလိုရှေ့နေသည် တူရကီသို့ အောက်တိုဘာ ၂၇ ရက်(ယနေ့)တွင် လာရောက်၍ တူရကီ တရားလိုပြ ရှေ့နေနှင့် တွေ့ဆုံမည်ဖြစ်ကြောင်းလည်း အာဒိုဂမ်က ပြောဆိုခဲ့သည်။ အဖြစ်အပျက်သည် အစ္စတန်ဘူလ်၌ ဖြစ်ပွားခဲ့ခြင်း ဖြစ်၍ သံသယရှိသူ ၁၈ ဦးကို တူရကီသို့လွှဲပေးသင့်ပြီး တူရကီက တရားစီရင်သင့်ကြောင်းလည်း ပြောဆိုခဲ့သည်။
    

ဆော်ဒီတို့၏ထုတ်ပြန်ချက်များသည် ရယ်စရာကောင်းလွန်းပြီး ပြင်းထန်လေးနက်သည့် အဖြစ်မှန်နှင့် နီးစပ်ခြင်းမရှိကြောင်း၊ ခါရှောဂီသည် အသတ်ခံခဲ့ရသည်မှာ ထင်ရှားကြောင်း၊ မည်သည့်နေရာတွင် အသတ်ခံခဲ့ရ၍ အလောင်းမည်သည့်နေရာ ရောက်နေသည်ကို မေးခွန်းထုတ်ရမည်ဖြစ်ကြောင်းလည်း အာဒိုဂမ်က ပြောဆိုခဲ့သည်။
    

ခါရှောဂီအသတ်ခံရကြောင်း ဆော်ဒီတို့က နောက်ဆုံးတွင် ဝန်ခံခဲ့သော်လည်း ယင်းသတ်ဖြတ်မှုကို ဆော်ဒီဘုရင် ဆဲလ်မန်နှင့် အိမ်ရှေ့စံ ဘင်ဆဲလ်မန်တို့ မသိခဲ့ကြောင်း ပြောဆိုထားသည်။ ထို့ပြင် ခါရှောဂီ သတ်ဖြတ်ခံရကြောင်း သက်သေအထောက်အထားများသည် ကြိုတင်စီစဉ်ထားသည့် အထောက်အထားများ ဖြစ်နေကြောင်းလည်း ဆော်ဒီတို့က ပြောဆိုနေသည်။