အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို ဝေဖန်ခဲ့သည့် အမေရိကန်မှထိပ်သီးပုဂ္ဂိုလ်အများအပြားထံ စာအိတ်ဗုံးများ ပေးပို့ခြိမ်းခြောက်ခဲ့မှုဖြင့် ဖလော်ရီဒါတွင် ၅၆ နှစ်အရွယ် ဆီစာဆေယက် ဆိုသူကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။
၄င်းသည် စာအိတ်ဗုံးများပေးပို့မှုနှင့် သမ္မတဟောင်းများကိုခြိမ်းခြောက်မှုအပါအဝင် အမှုငါးမှုဖြင့် စွဲချက်ရင်ဆိုင်ရမည် ဖြစ်ကြောင်း အမေရိကန်အရာရှိများက ပြောဆိုခဲ့သည်။ စက်ဆုပ်ဖွယ်လှုပ်ရှားမှုဖြစ်ပြီး ယင်းအတွက် မိမိတို့နိုင်ငံတွင် နေရာမရှိကြောင်း သမ္မတထရမ့်က ပြောဆိုခဲ့သည်။ စောစောပိုင်းကမူ မဲပေးမှုအစပိုင်းတွင် ရီပတ်ဘလီကန်များ မဲအရ နှေးကွေးအောင်ပြုလုပ်မှုဟု ထရမ့်မှတ်ချက်ပြုခဲ့သည်။
သမ္မတဟောင်း ဘားရက်အိုဘားမားနှင့် သရုပ်ဆောင် ရောဘတ်ဒီနီးရိုး အပါအဝင် ထိပ်သီးပုဂ္ဂိလ်များထံ လွန်ခဲ့သည့်ရက်များက စာအိတ်ဗုံးဟု သံသယရှိဖွယ်ပစ္စည်း ၁၄ ခု ရောက်ရှိခဲ့သည်။
အမေရိကန်တွင် နိုင်ငံရေးအရ နက်နက်ရှိုင်းရှိုင်း နှစ်ခြမ်းကွဲနေပြီး သက်တမ်းဝက် လွှတ်တော်ရွေးကောက်ပွဲများကျင်းပရန် နှစ်ပတ်ပင်မလိုတော့ချိန်၌ ယင်းဖြစ်ရပ် ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။
ဆေယက်သည် ၂၀၁၆ နှင့် ၂၀၁၇ ခုနှစ်များက ထရမ့်၏လူထုစည်းရုံးပွဲများတွင် တက်ရောက်ရန် မှတ်ပုံတင်ခဲ့သူ ဖြစ်ကြောင်း၊ ထရမ့်၏ ဝင့်ဝါပြောဆိုမှုများက တိုက်ခိုက်မှုဖြစ်ရန် လှုံ့ဆော်ရာရောက်ကြောင်း မီဒီယာအချို့က ဖော်ပြခဲ့ကြသည်။ သတင်းဖော်ပြချက်များသည် တရားမျှတမှုမရှိကြောင်း၊ ဆေယက်သည် မိမိအားထောက်ခံသူဖြစ်ခဲ့၍ အပြစ်တင်စရာမရှိကြောင်း ထရမ့်က ပြောဆိုခဲ့သည်။
ရာဇဝတ်ကြောင်း နောက်ခံရှိသည့် ဆေယက်ကို ဖလော်ရီဒါ၊ ပလန်တေးရှင်းရှိ ကားပစ္စည်းဆိုင်တစ်ခုတွင် ဖမ်းမိခဲ့ခြင်းဖြစ်သည်။ ၄င်း၏လက်ဗွေရာကို စာအိတ်ဗုံးအချို့ပေါ်တွင် တွေ့ရှိရကြောင်း၊ ရဲတပ်ဖွဲ့သည် သံသယရှိသူအား ဒီအင်န်အေနှင့် မိုဘိုင်းဖုန်းအချက်အလက်များမှ တစ်ဆင့် ခြေရာခံခဲ့ကြောင်း သိရသည်။
ပြစ်မှုထင်ရှားစီရင်ခံရပါက ၄င်းသည် ထောင် ၄၈ နှစ်အထိ ချမှတ်ခံရနိုင်သည်။

















