ဗဟိုအမေရိကဒေသမှ လာရောက်နေပြီး မက္ကဆီကိုကိုဖြတ်သန်းကာ အမေရိကန်သို့ ဦးတည်နေသည့် ရွှေ့ပြောင်းများကို ခိုလှုံခွင့်အတွက် မှတ်ပုံတင်ပါက ယာယီအလုပ်လုပ်ခွင့်ပေးမည်ဟု မက္ကဆီကိုအာဏာပိုင်တို့က ကမ်းလှမ်းခဲ့သည်။
ယာယီအလုပ်လုပ်ခွင့်ရရှိသူသည် ဆေးကုသခွင့်နှင့် ကလေးကျောင်းထားခွင့်များ ရရှိမည်ဖြစ်သော်လည်း မက္ကဆီကို တောင်ပိုင်း ချီယာ့ပါ့စ်နှင့် ဝါဟာ့ကာပြည်နယ်များတွင်သာ ကျန်ရှိခဲ့ရမည်ဖြစ်သည်။
အမေရိကန်သည် ယင်းရွှေ့ပြောင်းများအား တားဆီးရန် မက္ကဆီကိုနယ်စပ်သို့ စစ်သည် ၈၀ဝ စေလွှတ်မည်ဟု သတိပေးထားသည်။ ထို့အပြင် သမ္မတထရမ့်က ရွှေ့ပြောင်းများ၏ ပင်ရင်းနိုင်ငံများဖြစ်သည့် ဂွာတီမာလာ၊ အယ်လ်ဆာဗေဒိုနှင့် ဟွန်ဒူရပ်စ်တို့အား အကူအညီများဖြတ်တောက်မည်ဟု ခြိမ်းခြောက်ခဲ့သည်။
ထောင်ချီသည့် ရွှေ့ပြောင်းခိုလှုံလိုသူများသည် လွန်ခဲ့သည့် ရက်သတ္တပတ်များစွာက ဟွန်ဒူရပ်စ်မှ ထွက်ခွာလာခြဲ့ခင်း ဖြစ်သည်။ ယာဉ်များနှင့် ခြေလျင်လျှောက်သူများပါဝင်သည့် ယင်းအုပ်စု မက္ကဆီကိုကို ဖြတ်သန်းချိန်တွင် ယင်းရွှေ့ပြောင်းများအရေး အဖြေရှာရန် အမေရိကန်က မက္ကဆီကိုအား ဖိအားပေးခဲ့သည်။
ဇာတိနိုင်ငံတွင် အကြမ်းဖက်မှုများနှင့် ဆင်းရဲတွင်းနက်ခြင်းကြောင့် ထွက်ပြေးလာကြသည့် ရွှေ့ပြောင်းများသည် အမေရိကန်တွင်သာ ခိုလှုံလိုကြသည်။ အကယ်၍ ၄င်းတို့ အမေရိကန်သို့ရောက်ရှိခဲ့ပြီး ခိုလှုံခွင့်တောင်းဆိုနိုင်ပါက နိုင်ငံတကာဥပဒေများအောက်တွင် ထရမ့်အစိုးရမူဝါဒများ မေးခွန်းထုတ်စရာဖြစ်လာမည်ဖြစ်သည်။
အမေရိကန်ရှေ့နေချုပ် ဂျက်ဖ်ဆက်ရှင်က ပြည်တွင်းအကြမ်းဖက်မှုများ၏ သားကောင်များသည် အမေရိကန်တွင် ခိုလှုံခွင့် ဆက်လက်ရရှိနိုင်တော့မည်မဟုတ်ကြောင်း ဇွန်လ၌ ပြောဆိုခဲ့သည်။ သမ္မတထရမ့်ကလည်း အောက်တိုဘာ ၂၅ ရက်တွင် ယင်းရွှေ့ပြောင်းအုပ်စု လှည့်ပြန်သင့်ကြောင်း၊ အမေရိကန်သည် တရားမဝင် ဝင်ရောက်သူများကို လက်သင့်မခံနိုင်ကြောင်း ထပ်မံသတိပေးခဲ့သည်။
ရွှေ့ပြောင်းအုပ်စုသည် အောက်တိုဘာ ၂၂ ရက်တွင် လူ ၇၀ဝ၀ နှင့် ထပ်မံပူးပေါင်းမိကြောင်း ကုလသမဂ္ဂက ပြောဆိုခဲ့ပြီး အုပ်စုနှစ်ခြမ်းကွဲသွားခြင်းကြောင့် စုစုပေါင်းအရေအတွက်ကို ခန့်မှန်းရခက်နေသည်။

















