ကွန်ဂိုနိုင်ငံရှိ ဆေးရုံအများစု၌ ဆေးကုသစရိတ်မပေးနိုင်သည့် လူနာများကို ဆေးရုံမှဆင်းခွင့်မပေးဘဲ ချုပ်နှောင်ထားရှိနေကြောင်း အေပီသတင်းဌာနက စစ်ဆေးတွေ့ရှိခဲ့သည်။
ကြေးနီသတ္တုတွင်းများရှိသည့် လူဘမ်ဘာရှိမြို့၌ တည်ရှိသော ဆေးရုံ ၂၀ ကျော်အနက် တစ်ရုံသည်သာ လူများကို ချုပ်နှောင်ခြင်းမပြုကြောင်း အေပီက တွေ့ရှိခဲ့သည်။ အစိုးရအရာရှိများက ဆေးရုံများ၏တရားမဝင်လုပ်ဆောင်မှုကို ကန့်ကွက်ခဲ့သော်လည်း မြို့တော် ကင်ရှာဆာရှိ ကျန်းမာရေးဝန်ကြီးဌာနအရာရှိတစ်ဦးကမူ ကျန်းမာရေးအရာရှိများ နေရာတိုင်းတွင် မရှိနိ်ုင်ကြောင်း ပြောဆိုခဲ့သည်။
ကွန်ဂိုနိုင်ငံတွင်း ဥရောပသမဂ္ဂ၊ ယူနီဆက်ဖ်၊ နိုင်ငံတကာကြက်ခြေနီအဖွဲ့၊ Save the Children ၊ အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးရေးဌာန( ယူအက်စ်အေအိုင်ဒီ)နှင့် World Vision အစရှိသည့် နိုင်ငံတကာအဖွဲ့အစည်းသည် ပရဟိတအလုပ်များကို လုပ်ဆောင်နေသော်လည်း ၎င်းတို့အနက် အများစုက ယခုကဲ့သို့ ဆိုးရွားသော အခြေအနေများကို မသိရှိကြောင်း ပြောဆိုခဲ့သည်။ သို့သော် ကာတူဘာဆေးရုံရှိ ညစ်ပတ်နံစော်ပြီး မှောင်မဲနေသည့် ဆေးရုံလူသွားလမ်းများတွင် သွားလာဖူးသူတိုင်းကတော့ ချုပ်နှောင်မှုများရှိနေသည်ကို ဝန်ခံကြမည်ဖြစ်သည်။
ကီမာနျူ နဂိုယီသည် ကလေးခွဲမွေးမှုမအောင်မြင်ခဲ့ပြီးနောက် ဆေးရုံတွင် ချုပ်နှောင်ခံထားရသည်မှာ လေးလရှိခဲ့ပြီဖြစ်ပြီး အသက် ၈၀ ကျော်အရွယ် ဂေဘရီယယ် မူတမ်ဘာသည် ခြေထောက်ကျိုးမှုကြောင့် ဆေးရုံတွင်ကုသမှုခံယူပြီးနောက် ဆေးရုံတွင် သောင်တင်နေသည်မှာ တစ်နှစ်ကျော်ပြီဖြစ်သည်။
နဂိုယီနှင့် မူတမ်ဘာတို့သည် ကျန်းမာရေးကောင်းမွန်နေပြီဖြစ်သောကြောင့် ဆေးရုံမှဆင်းနိုင်ပြီဖြစ်သော်လည်း နဂိုယီသည် ကုသစရိတ် ဒေါ်လာ ၃၆၀ ၊ မူတမ်ဘာသည် ဒေါ်လာ ၁၄၇၇ ကိုမပေးဆောင်နိုင်သောကြောင့် ချုပ်နှောင်ခံထားရဆဲဖြစ်သည်။
၎င်းတို့ ဆေးရုံတစ်ရုံတည်းသာ လူနာများကိုချုပ်နှောင်ထားခြင်းမဟုတ်ကြောင်း ကာတူဘာဆေးရုံရှိ အုပ်ချုပ်ရေးမှူး လီဒီ ညမ်ဘို-မူဂါလူကပြောဆိုခဲ့သည်။ ဆေးရုံများအတွက်လည်း ငွေကြေးအကျပ်အတည်းကြောင့် ယခုကဲ့သို့ ချုပ်နှောင်နေရခြင်းဖြစ်သည်။ အခြေခံလိုအပ်သော ဆေးဝါးများ၊ သောက်သုံးရေနှင့် လျှပ်စစ်ဓာတ်အား ပြတ်တောက်နေသည်။ ခုတင်လိုအပ်ချက်ကြီးမားလွန်းသောကြောင့် ခုတင်တစ်လုံးထဲတွင် လူနာနှစ်ဦးကိုထားရှိနေရသည်။ ကာတူဘာဆေးရုံ၌ ခွဲစိတ်ကိရိယာများကို ပိုးမသတ်နိုင်သောကြောင့် ရေနွေးထဲတွင် ထည့်ပြုတ်နေရသည်။
ကွန်ဂိုရှိ ဆေးရုံများ၌ လူနာများကို ပြောင်ပြောင်တင်းတင်းချုပ်နှောင်နေသောကြောင့် နိုင်ငံတကာအဖွဲ့အစည်းများက၎င်းတို့မသိရှိဟု ပြောဆိုနေမှုများမှာ ယုံကြည်ရန်ခက်ခဲလှသည်။ လူဘမ်ဘာရှှီရှိ ဆွန်ဒွေဆေးရုံ၌ အမေရိကန်သမ္မတ၏အေအိုင်ဒီဒက်စ်ရောဂါဆိုင်ရာအကူအညီပေးရေး အရေးပေါ်အစီအမံ( ပက်ဖာ) ဖြင့် ကိုလမ်ဘီယာတက္ကသိုလ်မှအိပ်ချ်အိုင်ဗွီကူးစက်မှုတားဆီးရေးဌာနနှင့် အခြားအဖွဲ့များသည် အေ့ဒ်စ်ရောဂါတားဆီးရေးအစီအစဉ်ကို စီမံနေသည်။

















