ပွာတိုရီကိုရှိ တစ်ခုတည်းရှိသော တိရစ္ဆာန်ဥယျာဉ်၌ တိရစ္ဆာန်များကို ကောင်းမွန်စွာစောင့်ရှောက်မှုမရှိခြင်းနှင့် သေဆုံးမှုများရှိနေခြင်းကြောင့် ယင်းတိရစ္ဆာန်ဥယျာဉ်ကို ပိတ်သိမ်းရန် တိရစ္ဆာန်အခွင့်အရေးလှုပ်ရှားသူများက အောက်တိုဘာ ၂၆ ရက်တွင် တောင်းဆိုခဲ့သည်။
အမေရိကန်ပြည်ထောင်စု၏အုပ်ချုပ်မှုအောက်ရှိ ပွာတိုရီကိုရှိ အစိုးရသည် တိရစ္ဆာန်စောင့်ရှောက်ရေးအက်ဥပဒေနှင့် မျိုးသုဉ်းလုနီးတိရစ္ဆာန်များဆိုင်ရာဥပဒေတို့ကို ချိုးဖောက်နေကြောင်း ကယ်လီဖိုးနီးယားအခြေစိုက် တိရစ္ဆာန်ဥပဒေကြောင်းခုခံရေးရန်ပုံငွေအဖွဲ့နှင့် ဒေသခံအဖွဲ့အစည်းများက စွပ်စွဲပြောဆိုခဲ့သည်။
တိရစ္ဆာန်ဥယျာဉ်၌ တိရစ္ဆာန်မျိုးစိတ်ပေါင်း ၃၀ဝ ကျော်ကို ထားရှိခဲ့သည်။
၂၀၁၇ ခုနှစ် စက်တင်ဘာအစောပိုင်းတွင် ပွာတိုရီကိုသို့ အင်အားပြင်းမုန်တိုင်း အီရ်မာနှင့် ဟာရိီကိန်းမာရီယာတို့ ဝင်ရောက်တိုက်ခတ်ချိန်မှစ၍ ပွာတိုရီကိုအနောက်ဘက်ကမ်းရိုးတမ်းရှိ မာယာဂုဇ်မြို့၌ တည်ရှိသော ဒေါက်တာဟွန်အေရစ်ဗာရိုတိရစ္ဆာန်ဥယျာဉ်ကို အများပြည်သူဝင်ရောက်ခွင့်ပိတ်ပင်ထားခဲ့ခြင်းဖြစ်သည်။
၁၂ နှစ်ကြာ စီးပွားရေးကျပ်တည်းမှုကြောင့် ဘဏ္ဍာရေးအခက်အခဲကြုံနေရသဖြင့် မုန်တိုင်းမတိုက်ခိုက်မီတွင် တိရစ္ဆာန်များကျန်းမာရေးကို ကောင်းစွာစောင့်ရှောက်နိုင်ခြင်းမရှိခဲ့ကြောင်း တိရစ္ဆာန်အခွင့်အရေးလှုပ်ရှားသူများကပြောဆိုခဲ့သည်။
ကျားသစ်နက်နှစ်ကောင်အပါအဝင် တိရစ္ဆာန်များစွာသေဆုံးခြင်း၊ ဖိလစ်ပဲအမည်ရှိ ကြံ့တစ်ကောင် ခြေထောက်ထော့နင်းထော့နင်းဖြင့်သွားလာနေရခြင်း၊ နို့တိုက်သတ္တဝါ ၁၂၇ ကောင်သည် ကျန်းမာရေးစစ်ဆေးမှုနှင့် ကာကွယ်ဆေးထိုးမှုကို အရေးတကြီးလိုအပ်နေခြင်း အစရှိသည့်အခြေအနေများရှိနေကြောင်း အစိုးရက ခန့်အပ်သော ကော်မတီတစ်ရပ်က မကြာသေးမီတွင် စစ်ဆေးတွေ့ရှိခဲ့သည်။
စုံစမ်းစစ်ဆေးမှုကိုပြုလုပ်နေဆဲဖြစ်ပြီး ယင်းကာလအတွင်း တိရစ္ဆာန်ဥယျာဉ်ကို ၎င်းတို့အုပ်ချုပ်မှုအောက်တွင်ထားရှိလိုက်ပြီဖြစ်ကြောင်း သဘာဝအရင်းအမြစ်ဝန်ကြီးဌာန၏ပြောခွင့်ရှိသူ အာနီယယ် ဘီဂီယိုက ပြောဆိုခဲ့သည်။

















