သီရိလင်္ကာသမ္မတက ဝန်ကြီးချုပ်ကို ဖယ်ရှားပြီး အစားထိုးခန့်အပ်

သီရိလင်္ကာသမ္မတက ဝန်ကြီးချုပ်ကို ဖယ်ရှားပြီး အစားထိုးခန့်အပ်

သီရိလင်္ကာသမ္မတ မိုင်သရီပါလာ သီရိသေနာသည် ဝန်ကြီးချုပ် ရာနီး ဝစ်ရာမာဆင်ဂဲကို ရာထူးမှဖယ်ရှားပြီး ၎င်းနေရာတွင် သမ္မတဟောင်း မဟိန္ဒာ ရာဇပါကသကို အစားထိုးခန့်အပ်လိုက်ပြီဖြစ်သည်။

ရာထူးမှနုတ်ထွက်ရန် ဆန္ဒမရှိဘဲ လွှတ်တော်တွင်း ထောက်ခံမဲအများစုရရှိနေဆဲဖြစ်သောကြောင့် ဝန်ကြီးချုပ်တာဝန်ကို ဆက်လက်ထမ်းဆောင်မည်ဖြစ်ကြောင်း ဝစ်ရာမာဆင်ဂဲက အောက်တိုဘာ ၂၆ ရက်တွင် သတင်းထောက်များအားပြောဆိုခဲ့သည်။

အမတ်နေရာ ၂၂၅ နေရာရှိ လွှတ်တော်တွင်း ထောက်ခံသူအများစုရှိမှသာ ရာဇပါကသသည် ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခွင့်ရရှိမည်ဖြစ်သည်။ ဝစ်ရာမာဆင်ဂဲအား ဖြုတ်ချခြင်းသည် တရားဥပဒေနှင့်ညီမညီကို သီရိလင်္ကာ၌ ငြင်းခုန်မှုများရှိလာခဲ့ပြီဖြစ်သည်။
    

သမ္မတသည် လွှတ်တော်တွင်း ထောက်ခံမဲအများစုရရှိထားသူတစ်ဦးကို ခန့်အပ်ပိုင်ခွင့်ရှိနေကြောင်း ဖွဲ့စည်းပုံအခြေခံဥပဒေတွင်ဖော်ပြထားသည်။ သို့သော် ဝန်ကြီးချုပ်တစ်ဦးအား လွှတ်တော်အမတ်တစ်ဦး၏ အရည်အချင်းများနှင့်မပြည့်စုံမှုကြောင့် တာဝန်မှရပ်ဆိုင်းခံရခြင်း၊ မယုံကြည်မှုအဆိုတင်သွင်းခံရခြင်းနှင့် ရာထူးမှနုတ်ထွက်ကြောင်း ထုတ်ပြန်ခြင်းတို့ရှိပါက ရာထူးမှဖယ်ရှားလို့ရနိုင်ကြောင်း ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ဖြည့်စွက်ချက်အမှတ် ၁၉ တွင် ဖော်ပြထားသည်။
    

လူနှစ်ဦးက ဝန်ကြီးချုပ်ဖြစ်ကြောင်း ထုတ်ပြန်နေမှုကြောင့် ယခုလောလောဆယ်တွင် ဖွဲ့စည်းပုံဆိုင်ရာအကျပ်အတည်းဆိုက်ရောက်နေကြောင်း ၊ သမ္မတသည် လွှတ်တော်အစည်းအဝေးကို ချက်ချင်းခေါ်ယူပြီး မဲခွဲဆုံးဖြတ်မှသာ အကျပ်အတည်းကို ဒီမိုကရေစီနည်းကျဖြေရှင်းနိုင်မည်ဖြစ်ကြောင်း သီရိလင်္ကာအမျိုးသားငြိမ်းချမ်းရေးကောင်စီ၏အမှုဆောင်ဒါရိုက်တာ ဇဟန်ပီရဲရာက ပြောဆိုခဲ့သည်။
    

ရာဇပါကသသည် သီရိလင်္ကာအား ၂၀ဝ၅ ခုနှစ်မှစ၍ သမ္မတအဖြစ် ကိုးနှစ်ကြာ အုပ်ချုပ်ခဲ့ပြီး လူများစုဝင် ဆင်ဟာလိများ၏ထောက်ခံမှုကိုရယူနိုင်ခဲ့သည်။ ရာဇပါကသသည် ၂၀ဝ၉ ခုနှစ်တွင် သီရိလင်္ကာစစ်တပ်က တမီလ်တိုင်းရင်းသားသူပုန်များအား ရက်စက်စွာနှိမ်နင်းမှုကို ကြီးကြပ်ပြီး ၂၅ နှစ်ကြာ ပြည်တွင်းစစ်ကို အဆုံးသတ်စေခဲ့သူဖြစ်သည်။ သို့သော် ပြည်တွင်းစစ် နောက်ဆုံးကာလအတွင်း စစ်တပ်က ကျူးလွန်ခဲ့သည့် စစ်ရာဇဝတ်မှုများကို စုံစမ်းစစ်ဆေးမှုများအား ခွင့်ပြုခြင်းမရှိခဲ့သောကြောင့် ဝေဖန်ပြစ်တင်ခံခဲ့ရသည်။