လာအိုကိုရှုံးခဲ့သော်လည်း မျှော်လင့်ချက်ရှိသေးဟု နည်းပြချုပ်ဒေါ်သက်သက်ဝင်းဆို

လာအိုကိုရှုံးခဲ့သော်လည်း မျှော်လင့်ချက်ရှိသေးဟု နည်းပြချုပ်ဒေါ်သက်သက်ဝင်းဆို

အာရှယူ-၁၉အမျိုးသမီးချန်ပီယံရှစ် ပထမအဆင့်ခြေစစ်ပွဲတွင် ပွဲဦးထွက်၌ လာအိုအသင်းကို မထင်မှတ်ဘဲရှုံးနိမ့်ခဲ့သော်လည်း နောက်တစ်ဆင့်တက်ရန် မျှောင်လင့်ချက်ရှိနေသေး၍ အီရန်အသင်းနှင့် ပွဲကို အနိုင်ကစားသွားမည်ဟု မြန်မာယူ-၁၉အသင်းနည်းပြချုပ် ဒေါ်သက်သက်ဝင်းက ပြောဆိုခဲ့သည်။

မျှော်လင့်ချက်ရှိနေ

မြန်မာအမျိုးသမီးအသင်းသည် သုဝဏ္ဏဘောလုံးကွင်းတွင် အောက်တိုဘာ ၂၆ရက် ညနေ ၆နာရီက အာရှယူ-၁၉အမျိုးသမီးချန်ပီယံရှစ် ပထမအဆင့်ခြေစစ်ပွဲ အဖွင့်ပွဲစဉ်အဖြစ် လာအိုအသင်းနှင့်ယှဉ်ပြိုင်ခဲ့ရာ ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့သော်လည်း ပွဲအပြီး၌ လေးဂိုး- သုံးဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။ " လာအိုနဲ့ပွဲမှာ အသင်းရဲ့အဓိက ကစားသမားတွေဟာ ပုံမှန်ထရိန်နင် ၊ ခြေစမ်းပွဲတွေမှာ မမှားတဲ့ အမှားမျိုးတွေကို ပြုလုပ်ခဲ့လို့ အရေးနိမ့်ခဲ့တာပါ။ နောက်တစ်ဆင့်အတွက် မျှော်လင့်ချက်ရှိနေသေးလို့ အီရန်အသင်းနဲ့ပွဲကို အကောင်းဆုံးကြိုးစားပြီး အနိုင်ကစားသွားမှာပါ" ဟု နည်းပြချုပ် ဒေါ်သက်သက်ဝင်းက ပြောဆိုခဲ့သည်။

ရပ်တည်နေခဲ့

အာရှယူ- ၁၉ အမျိုးသမီး ပထမအဆင့်ခြေစစ်ပွဲ အုပ်စု(စ) တွင် အီရန်အသင်းက တစ်ပွဲကစားပြီး ရဂိုး ၄ဂိုး၊ ပေးဂိုး၁ဂိုး၊ ရမှတ်သုံးမှတ်ဖြင့် အုပ်စု ပထမနေရာတွင် ရပ်တည်နေပြီး လာအိုအသင်းက နှစ်ပွဲကစား ရဂိုး၅ ဂိုး၊ ပေးဂိုး၇ဂိုး၊ ရမှတ် သုံးမှတ်ဖြင့် အုပ်စုဒုတိယနေရာ၌ ရပ်တည်နေသည်။ မြန်မာအသင်းမှာ တစ်ပွဲကစားပြီး ရဂိုး၃ ဂိုး ပေးဂိုး ၄ဂိုးဖြင့် အုပ်စုနောက်ဆုံးတွင် ရပ်တည်နေခဲ့သည်။
မြန်မာအသင်းသည် အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် အောက်တိုဘာလ ၂၈ရက်ညနေ ၆နာရီတွင် သုဝဏ္ဏကွင်း၌ အီရန်အသင်းနှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။

 



ဖတ်ရှုမှုအများဆုံး