ခါရှောဂီသတ်ဖြတ်မှုတရားခံများ လွှဲပြောင်းပေးရန် ဆော်ဒီငြင်းဆန် ယင်းကိစ္စ ကမ္ဘာ့သတင်းဖော်ပြမှုနှင့်ဝေဖန်မှု စိတ္တဇဆန်ဟုလည်းဆို

ခါရှောဂီသတ်ဖြတ်မှုတရားခံများ လွှဲပြောင်းပေးရန် ဆော်ဒီငြင်းဆန် ယင်းကိစ္စ ကမ္ဘာ့သတင်းဖော်ပြမှုနှင့်ဝေဖန်မှု စိတ္တဇဆန်ဟုလည်းဆို

 ဆော်ဒီသတင်းသမား ခါရှောဂီသတ်ဖြတ်မှုတရားခံများကို လွှဲပြောင်းပေးရန် တူရကီနိုင်ငံ၏တောင်းဆိုမှုကို ဆော်ဒီအာရေဗျနိုင်ငံက ငြင်းဆန်ခဲ့သည်။ ထို့အပြင် ခါရှောဂီအရေး ကမ္ဘာလုံးဆိုင်ရာ သတင်းဖော်ပြမှုနှင့် ဝေဖန်မှုများသည် စိတ်ကစဉ့်ကလျားဆန်ဆန် ဖြစ်နေကြောင်းလည်း ဆော်ဒီနိုင်ငံခြားရေးဝန်ကြီးက ပြောဆိုခဲ့သည်။

 တန်ခိုးထက်သည့် ဆော်ဒီအိမ်ရှေ့စံ ဘင်ဆဲလ်မန်ကို ဝေဖန်လေ့ရှိသည့် ဝါရှင်တန်ပို့စ်ဆောင်းပါးရှင် ဂျမဲလ်ခါရှောဂီသတ်ဖြတ်ခံရမှုသည် အရှေ့အလယ်ပိုင်းတည်ငြိမ်မှုကို ထိခိုက်စေကြောင်း အမေရိကန်က သတိပေးခဲ့သည်။ သို့သော် တူရကီနိုင်ငံ အစ္စတန်ဘူလ်ရှိ ဆော်ဒီကောင်စစ်ဝန်ရုံးအတွင်း ဖြစ်ပွားခဲ့သည့် ခါရှောဂီသတ်ဖြတ်မှုအတွက် တူရကီ၏တောင်းဆိုမှုကို ဆော်ဒီက ပယ်ချခဲ့သည်။

 ၄င်းတို့သည် ဆော်ဒီနိုင်ငံသားများဖြစ်ကြပြီး ဆော်ဒီနိုင်ငံတွင်း ထိန်းသိမ်းခံခဲ့ရသူများဖြစ်ကြောင်း၊ ဆော်ဒီမှာပင် စုံစမ်းစစ်ဆေးနေပြီး ဆော်ဒီမှာပင် စီရင်ခံကြရမည်ဖြစ်ကြောင်း ဆော်ဒီနိုင်ငံခြားရေးဝန်ကြီး အဒဲလ်အဲလ်ဂျူဘီယာက ဘာရိန်းတွင်ကျင်းပသည့် ကာကွယ်ရေးဆို်င်ရာညီလာခံတွင် အောက်တိုဘာ ၂၇ ရက်က ပြောဆိုခဲ့သည်။ ၄င်းကပင် ခါရှောဂီ့အရေး ကမ္ဘာ့သတင်းဖော်ပြမှုများနှင့် ဝေဖန်ပြစ်တင်မှုများကို ပြန်လည်ရှုတ်ချခဲ့ခြင်းဖြစ်သည်။

 တူရကီတို့သည် ခါရှောဂီကို ဆော်ဒီအေးဂျင့်များသတ်ဖြတ်ခဲ့ကြောင်း စောစီးစွာကပင် အခိုင်အမာပြောဆိုခဲ့ပြီး သမ္မတ ရီးဆက်တေးရစ် အာဒိုဂမ်သည် သံသယရှိသူ ဆော်ဒီနိုင်ငံသား ၁၈ ဦးတို့အား တူရကီသို့လွှဲပြောင်းပေးရန် အောက်တိုဘာ ၂၆ ရက်က ထပ်မံတောင်းဆိုခဲ့သည်။

 ၂၀၁၇ ခုနှစ်တွင် မိမိကိုယ်မိမိ ပြည်ပေးအဖြစ်ကြေညာခဲ့ပြီး အမေရိကန်တွင် နေထိုင်ခဲ့သည့် အသက် ၅၉ နှစ်ရှိ ခါရှောဂီသည် တူရကီအမျိုးသမီးတစ်ဦးနှင့် လက်ထပ်နိုင်ရေးအတွက် အစ္စတန်ဘူလ်ရှိ ဆော်ဒီကောင်စစ်ဝန်ရုံးအတွင်း အောက်တိုဘာ ၂ ရက်၌ ဝင်ရောက်ခဲ့ရာမှ ပျောက်ဆုံးသွားခဲ့သည်။

 ဆော်ဒီအာဏာပိုင်တို့သည် ခါရှောဂီသည် ရှင်လျက် ပြန်ထွက်သွားကြောင်း၊ ရုံးတွင်းရန်ပွဲတွင် သေဆုံးခဲ့ကြောင်း၊ ဆော်ဒီသို့ ပြန်ခေါ်ရန် ကြိုးပမ်းရာမှ မတော်တဆလက်လွန်သတ်ဖြတ်မိကြောင်း အမျိုးမျိုး ပြောဆိုခဲ့သည်။ တူရကီတို့ တင်ပြသည့် ခါရှောဂီသတ်ဖြတ်ခံရမှု အထောက်အထားများသည် ကြိုတင်ပြင်ဆင်ထားသည့် သက်သေခံများဖြစ်ကြောင်းလည်း ပြောဆိုထားသည်။