ကော့သောင်းမြို့နယ်တွင် လက်နက်ခဲယမ်းများနှင့် မူးယစ်ဆေးဝါးများ အောက်တိုဘာလ ၂၄ ရက်နေ့က သိမ်းဆည်းရမိခဲ့သည်။
အဆိုပါနေ့ မွန်းတည့် ၁၂ အချိန်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု(၃၄) ကော့သောင်းမှတပ်ဖွဲ့ဝင်များနှင့် မာရမ်းနယ်မြေရဲစခန်းမှတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သက်သေများနှင့် အတူ သတင်းအရ ကော့သောင်းမြို့နယ်၊ ခမောက်ကြီးမြို့၊ ဖော့သုတ်ကျေးရွာရှိ နိုင်အေကဖွန်(ခ)နိုင်အက် ၃၈ နှစ်၏ နေအိမ်အား ဝင်ရောက်ရှာဖွေခဲ့သည်။
ထိုသို့ရှာဖွေခဲ့ရာ နေအိမ်တွင် အိပ်ခန်းအတွင်းမှ ICE ၈၇၄.၈ ဂရမ်၊ စိတ်ကြွ ရူးသွပ်ဆေးပြား ၁၄ဝဝ ပြား၊ ဆေးခြောက် ၂၇၄ ဂရမ်၊ ထိုင်းဘတ်ငွေ ၄ဝဝဝဝ ဘတ်၊ .22 LONG RIFEL အမျိုးအစား ပြောင်းရှည်သေနတ် ၁ လက်၊ ၎င်းကျည်ကဒ် ၁ ခု၊ အိပ်ရာခြေရင်းရှိ ဘီဒိုဒုတိယထပ်မှ .22 ကျည် ၃၉ တောင့်၊ M9A1 အမျိုးအစား ပစ္စတိုသေနတ် ၁ လက်၊ ၎င်းကျည်ကဒ် ၁ ခု၊ ၉ မမကျည် ရဝ တောင့်၊ ဂရမ်ချိန်စက် ၁ လုံးနှင့် ဖုန်း ၁ လုံး တို့အား ရှာဖွေသိမ်းဆည်းရမိခဲ့သည်။
ဆက်လက်၍ ကွင်းဆက် သတင်းအရ အဆိုပါနေ့ မွန်းလွဲ ၁၂ နာရီ ၅ဝ အချိန် ခမောက်ကြီးမြို့၊ ဖော့သုတ်ကျေးရွာ၊ ဘုန်းကြီးကျောင်းလမ်း၊ ကော့သောင်းမြို့နယ်နေ နိုင်ချွတ် ၄၅ နှစ်၏နေအိမ်အား ဝင်ရောက်ရှာဖွေခဲ့သည်။ အဆိုပါနေအိမ်ရှေ့တွင် ၎င်းကျေးရွာနေ ကြေးရစပ် ၃၈ နှစ်အားတွေ့ရှိ၍ရှာဖွေရာ လွယ်အိတ်အတွင်းမှ ICE ၄.၃ ဂရမ်နှင့် ဖုန်း ၁ လုံးတို့ကို သိမ်းဆည်း ရမိခဲ့သည်။
မွန်းလွဲ ၁ နာရီ ခွဲအချိန် နိုင်ချွတ်၏နေအိမ်အတွင်း ဆက်လက်ရှာဖွေရာ လွယ်အိတ်အတွင်းမှ WY စာတန်းပါ ပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား ၈ဝ ပြား၊ ၎င်းအိပ်သည့် အိပ်ရာဘေးစားပွဲအောက်ရှိ ကော်ပုံးအတွင်းမှ ICE ၅ဝ ဂရမ် ခန့်စီပါ ၁ဝ ထုပ်၊ စုစုပေါင်း ICE အလေးချိန် ၅ဝဝ ဂရမ်ခန့်နှင့် ဖန်ပုလင်းအတွင်းမှ WY စာတန်းပါ ပန်းရောင်စိတ်ကြွ ရူးသွပ်ဆေးပြား ၁၉၈ ပြား၊ အစိမ်းရောင် ၂ ပြား၊ ပေါင်း ၂ဝဝ ပြားပါ ၂၂ ထုပ်၊ စုစုပေါင်း စိတ်ကြွရူးသွပ်ဆေးပြား ၄၄ဝဝ ပြားတို့အားလည်းကောင်း၊ ကော်သေတ္တာဒုတိယအဆင့်မှ .38 ဗို့အမျိုးအစား Special ခြောက်လုံးပြူးသေနတ် ၁ လက်၊ ၎င်းကျည် ၁၅ တောင့်၊ .32 ဗို့အမျိုးအစား ခြောက်လုံးပြူးသေနတ် ၁ လက်နှင့် နေအိမ်ရှေ့မှ ဆိုင်ကယ် ၁ စီးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။
ဆက်လက်၍ ပူးပေါင်းအဖွဲ့သည် မွန်းလွဲ ၂ နာရီခွဲ အချိန် ဖော့သုတ်ကျေးရွာ၊ ခမောက်ကြီးမြို့၊ ကော့သောင်းမြို့နယ်နေ မိုးဇော်ဦး ၄၂ နှစ်၏နေအိမ်ကို ဝင်ရောက်ရှာဖွေခဲ့သည်။ ၎င်းကိုတွေ့ရှိပြီး ၎င်းဝတ်ဆင်ထားသည့် ဘောင်းဘီအိတ် အတွင်းမှ WY စာတန်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၁၃ ပြား၊ ဖုန်း ၁ လုံး၊ ထိုင်းဘတ်ငွေ ၄၈ဝဝ ဘတ်နှင့် ပလတ်စတစ်ခြင်းပေါ်မှ WY စာတန်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၂ ပြား၊ စုစုပေါင်း စိတ်ကြွရူးသွပ်ဆေးပြား ၁၅ ပြား၊ ICE ဝ.၅ ဂရမ်ခန့်နှင့် မူးယစ်ဆေးဝါးသုံးစွဲသည့် ကိရိယာများကိုတွေ့ရှိသိမ်းဆည်းခဲ့သည်။
ဆက်လက်၍ ပူးပေါင်းအဖွဲ့သည် ကွင်းဆက်သတင်းအရ မွန်းလွဲ ၂ နာရီ ၄၅ အချိန်ခန့်က ဖော့သုတ်ကျေးရွာအဝင်ဝလမ်းတွင် စောင့်ဆိုင်းနေစဉ် အဆိုပါကျေးရွာ နေ စိုးပြည့်ကျော် ၂ဝ နှစ်မောင်းနှင်လာသည့်ဆိုင်ကယ်ကိုရပ်တန့်ရှာဖွေရာ ၎င်းထံမှ WY စာတန်းပါ ပန်းရောင်စိတ်ကြွ ရူးသွပ်ဆေးပြား ၃၄ ပြားနှင့် ICE ဝ.၁ ဂရမ်ခန့်တို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ပြီး စုစုပေါင်း စိတ်ကြွရူးသွပ်ဆေးပြား ၅၉၂၉ ပြား(ဒေသကာလပေါက်စျေးတန်ဖိုးငွေကျပ် ၁၇၇.၈၇ သိန်း)၊ ICE(မက်သာဖက်တမင်း) ၁၃၇၉.၇ ဂရမ်ခန့် (ဒေသကာလပေါက်စျေးတန်ဖိုးငွေကျပ် ၂၇၅.၉၄ သိန်း)၊ ဆေးခြောက် ၂၇၄ ဂရမ်(ဒေသကာလပေါက်စျေးတန်ဖိုးငွေ ၇၄၁ဝဝ ကျပ်)၊ သေနတ် ၄ လက်၊ ထိုင်းဘတ်ငွေ ၄၄၈ဝဝ ဘတ်၊ ဆိုင်ကယ် ၂ စီးနှင့် ဖုန်း ၃ လုံးတို့ကိုသိမ်းဆည်းရမိခဲ့သည်။
အဆိုပါ မူးယစ်ဆေးဝါးများ၊ လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သည့် နိုင်အေကဖွန်၊ ကြေးရစပ်၊ နိုင်ချွတ်၊ မိုးဇော်ဦးနှင့် စိုးပြည့်ကျော်တို့ကို သက်ဆိုင်ရာရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင် ရာဥပဒေဖြင့် အသီးသီးအမှုဖွင့်အရေးယူပြီး ကွင်းဆက်များဖော်ထုတ်နိုင်ရန် စစ်ဆေးလျက်ရှိသည်။

















