လွှတ်တော်ပြင်ပ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနှင့် ပြည်သူ့ဘဝမြှင့်တင်ရေးအဖွဲ့ထံ ဒေသခံပြည်သူများက တစ်လကျော်ကာလအတွင်း တင်ပြခဲ့သည့် အမှုတွဲပေါင်း ၄၀ဝ ကျော် ရှိကာ လယ်ယာမြေပြဿနာမှာ အများဆုံးဖြစ်ကြောင်း လွှတ်တော်ပြင်ပအဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့် ပြည်သူ့ဘဝမြှင့်တင်ရေးအဖွဲ့ချုပ် (ဗဟို) ရုံးမှ သိရသည်။
ခွင့်ပြုချက်
လွှတ်တော်ပြင်ပအဂတိလိုက်စားမှုတိုက် ဖျက်ရေးနှင့် ပြည်သူ့ဘဝမြှင့်တင်ရေးအဖွဲ့ ချုပ်ကို စက်တင်ဘာ ၅ ရက်က စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ပြည်ထောင်စုအသင်းအဖွဲ့ မှတ်ပုံတင်ဌာနသို့ တင်ပြထားပြီးဖြစ်သော်လည်း ခွင့်ပြုချက်မကျသေးကြောင်း သိရသည်။
"အဂတိလိုက်စားမှုလျော့နည်းစေဖို့အတွက် လူထုအသိပညာပေးဆွေးနွေးပွဲတွေ လုပ်ဆောင် နေပါတယ်။ ဒေသခံတွေမှာ တွေ့ကြုံနေရတဲ့အခက်အခဲတွေ၊ ပြဿနာတွေကို မြို့နယ်အဆင့်မှာ ဖြေရှင်းပေးလို့ရရင် ရှင်းပေးတယ်။ တိုင်းအဆင့်မှာ ရှင်းပေးလို့ရမယ်ဆိုရင် တိုင်းအဆင့်မှာ လိုက်လံရှင်းလင်း ပေးပါတယ်။ နောက်ဆုံးဝန်ကြီးဌာနအဆင့် အထိ လိုက်လံလုပ်ဆောင်ပေးပါ တယ်။ အများဆုံးကတော့ လယ်ယာမြေပြဿနာတွေပါ"ဟု လွှတ်တော်ပြင်ပအဂတိလိုက်စားမှု တိုက်ဖျက်ရေးနှင့် ပြည်သူ့ဘဝမြှင့်တင်ရေးအဖွဲ့ချုပ်(ဗဟို)ရုံးမှ ဥက္ကဋ္ဌ ဦးစိုးမြင့်ဦးကပြောဆိုသည်။
ဖွဲ့စည်းထား
လွှတ်တော်ပြင်ပ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနှင့် ပြည်သူ့ဘဝမြှင့်တင်ရေးအဖွဲ့ အနေဖြင့် မြို့နယ်များတွင် အလုပ်အမှုဆောင်အဖွဲ့များ လိုက်လံဖွဲ့စည်းရာတွင် မြို့နယ်တစ်မြို့ နယ်၌ အလုပ်အမှုဆောင် အဖွဲ့ ၁၅ ဦးမှ ၂၇ ဦးအထိဖွဲ့စည်းထားပြီး တစ်နိုင်ငံလုံးအတိုင်းအတာ အနေဖြင့် အဖွဲ့ဝင်အင်အား ၁၀ဝ၀ ကျော်ခန့် ဖွဲ့စည်းထားကြောင်း သိရသည်။
"အဆင်ပြေတာလည်းရှိသလို မပြေလည်တာလည်းရှိပါတယ်။ ကျွန်တော်တို့ သိသလောက် က အဂတိတိုက်ဖျက်ရေးကော်မရှင်အနေနဲ့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ နိုင်နိုင်နင်းနင်း မလုပ်ဆောင်နိုင်သေးပါဘူး။ သမ္မတကြီးကလည်း အဂတိတိုက်ဖျက်ရေးမှာ အရပ်ဘက်အဖွဲ့ အစည်းတွေလည်း လိုအပ်တယ်လို့ ပြောကြားခဲ့တယ်။ ဒီအတွက် ပြည်သူလူထုပါဝင်တဲ့အရပ်ဘက် အဖွဲ့အစည်းအနေနဲ့ ဒေသခံတွေရဲ့အခက်အခဲတွေကို ဖြေရှင်းဆောင်ရွက်ပေးသွားဖို့ ဖွဲ့စည်းထား တာပါ"ဟု ဦးစိုးမြင့်ဦးက ပြောဆိုသည်။
အဆိုပါအဖွဲ့အနေဖြင့် ဒေသခံများထံ အမှုတွဲများ ကူညီဖြေရှင်းဆောင်ရွက်ပေးရာတွင် ငွေကြေးတစ်စုံတစ်ရာ မတောင်းခံရန် အသင်းဝင်များ၏ စည်းကမ်းချက်များ၌ ဖော်ပြထားကာ လက်ရှိ၌ တစ်နိုင်ငံလုံးမြို့နယ်အဆင့် ၂၃ မြို့နယ်၌ လိုက်လံဖွဲ့စည်းထားပြီးဖြစ်သည်။















