ချီလီတို့ အာဂျင်တီးနားတို့ကစ ဆော်ဒီအာရေဗျနိုင်ငံတွေအထိ ယနေ့ အာဏာရှင်ဆန်တဲ့ အစိုးရစနစ်တွေဟာ လူသိများတဲ့ပုဂ္ဂိုလ်တွေနဲ့ အဆင့်မြင့်အရာရှိတွေ ပါဝင်တဲ့လူတွေကို ရုတ်တရက် ခိုကြောင်ခိုးဝှက် အဓမ္မခေါ်ဆောင်ကာ ထိန်းသိမ်းတာမျိုး၊ ဒါမှမဟုတ် ဒါ့ထက်ဆိုးတဲ့ အခြေအနေမျိုးတွေဆီအထိ ပို့ဆောင်ပေးနေကြတယ်။
ဒီလုပ်ရပ်ဟာ ရန်ဘက်တွေကို နှုတ်ပိတ်တဲ့ တာရှည် နှစ်ကာလများစွာကတည်းက ရှိနေတဲ့ ထိရောက်တဲ့ နည်းဖြစ်တယ်။ ဒါပေမဲ့ ဒီနည်းကို ပြန်လည်အသုံးပြုသူ တွေဟာ နောင်မှာတော့ သူတို့ရဲ့ဆုံးဖြတ်ချက်ကို နောင်တ ရသွားနိုင်တယ်။ ၁၉၇၀ ပြည့်လွန်နှစ်များကာလနဲ့ ၁၉၈၀ ပြည့်လွန်နှစ် ကာလတွေမှာ အာဂျင်တီးနားနဲ့ ချီလီနိုင်ငံတို့ကို အုပ်ချုပ်ခဲ့တဲ့ စစ်တပ်အစိုးရတွေနဲ့ ဂျိုးဇက်စတာလင်ရဲ့ ဆိုဗီယက်နိုင်ငံက သံလက်သီးဆန်တဲ့ အာဏာရှင်စနစ်တွေဟာ သူတို့ကို ရှုတ်ချပုတ်ခတ်သူတွေ ]ပျောက်သွားအောင်}လုပ်ခဲ့တဲ့ သမိုင်းက တော်တော်ပဲရှည်တယ်။ အခု အချိန်မှာ ဒီအလေ့အကျင့်ဟာ ပြန်ခေါင်းထောင်လာနေပြန်ပါပြီ။
ချီလီ၊ ဒါမှမဟုတ် အာဂျင်တီးနားတို့ရဲ့ စစ်တပ်အုပ်ချုပ် တဲ့စနစ်တွေမှာဆိုရင် လူတစ်ယောက်ကို ရဟတ်ယာဉ်ပေါ်ကနေ ပင်လယ်ထဲပစ်ချခံရမှာဖြစ်ပြီး အစအနပျောက်သွားမှာဖြစ်တယ်။ လူကို မမှတ်မိလောက်အောင်လည်း မီးရှို့ပစ်မယ်၊ သို့မဟုတ် ပုပ်ပွတာမြန်အောင် ထုံးသုတ်ပြီး ဘယ်သူမှမသိတဲ့နေရာမှာ မြှုပ်ထားမှာဖြစ်တယ်။ စတာလင်အုပ်ချုပ်ခဲ့တဲ့ ဆိုဗီယက်ယူနီယံမှာဆိုရင် အချိန်မရွေး တစ်ယောက်ယောက်ကို ဆွဲခေါ်ပြီးLubyan-ka (KGB ဌာနချုပ်) ဒါမှမဟုတ် မနှစ်မြို့စရာ နေရာတစ်ခုဆီကို ခေါ်သွားခံရနိုင်တယ်။
၁၉၃၀ ပြည့်လွန် နှစ်များကာလ ထုတ်ပယ်သုတ်သင်မှုတွေ လုပ်ခဲ့တဲ့ကာလနဲ့ နောက်ပိုင်းမှာ အထူးသဖြင့် ကွန်မြူနစ်ပါတီဝင်တွေဟာ ခုခံနိုင်စွမ်းမရှိဘဲ သန်းချီရှိတဲ့ ဆိုဗီယက်နိုင်ငံသားတွေဟာ အကျဉ်းထောင်တွေ၊ သို့မဟုတ် နိုင်ငံရေးအလုပ်ကြမ်း စခန်းတွေမှာ အစအနမပေါ်ဘဲ ပျောက်သွားခဲ့ကြတယ်။
ဒီလိုအဖြစ်မျိုးတွေ အတော်များများမှာတော့ 'ပျောက်ဆုံးသွားတဲ့သူ'တွေဟာ နောက်ဆုံးမှာ ပြန်ပေါ် လာကြတယ်။ ဒါပေမဲ့ သူတို့ရဲ့ အရင်ကအလုပ်၊ သို့မဟုတ် သူတို့ကို ထိန်းသိမ်းခဲ့တဲ့ အစိုးရအပေါ် သူတို့ရဲ့အမြင်သဘောထားတွေဟာ ပြောင်းလဲသွားကြတယ်။ အဲဒီမှာ တရုတ်နဲ့ ဆော်ဒီအာရေဗျတို့ဟာ သူတို့ချည်းမဟုတ်ပေမဲ့ အလွန်သိသာတယ်။ ဘယ်လိုသိသာသလဲဆိုရင် သူတို့ဟာ သူတို့ကို ရှုတ်ချပုတ်ခတ်သူတွေကို အတင်း အဓမ္မခေါ်ဆောင်တာ၊ သို့မဟုတ် ပျောက်သွားတာတွေကို မျက်နှာပြောင်တိုက်ကာ စီးလားရိုက်တာတွေပဲဖြစ်တယ်။
လွန်ခဲ့တဲ့လက ပြင်သစ်နိုင်ငံမှာရုံးစိုက်တဲ့ Interpol ကနေ ပေကျင်းသို့သွားတဲ့ Interpol ဥက္ကဋ္ဌ မုန်ဟောင်ဝေ ပျောက်ဆုံးသွားတာဟာလည်း တရုတ်အစိုးရရဲ့ လက်ချက်မကင်းဘူး။ မုန်ဟောင်ဝေဟာ ပြည်သူ့လုံခြုံရေးဌာနရဲ့ ဒုတိယဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူလည်းဖြစ်တယ်။ မုန်ဟောင်ဝေကိစ္စဟာ အတော်ပဲ တုန်လှုပ်သွားခစေခဲ့တယ်။ Interpol ရဲ့ အမြင့်ဆုံးရာထူးကို ၂၀၁၆ ခုနှစ်က ခန့်အပ်ခြင်းခံခဲ့ရတာကြောင့် တရုတ် ပြည်သူ အတော်များများက ချီးမွမ်းခဲ့ကြတယ်။ ပထမဆုံး တရုတ်နိုင်ငံသား တစ်ယောက်အနေနဲ့ ကမ္ဘာပေါ်မှာ အဓိကကျတဲ့ အဖွဲ့အစည်းတစ်ခုရဲ့ အကြီးအကဲဖြစ်ခဲ့တာကြောင့် တရုတ်နိုင်ငံအနေနဲ့ နိုင်ငံတကာစနစ်ရဲ့ ထိပ်တန်းအလွှာကို ရောက်ခဲ့တဲ့ သင်္ကေတသဘောဆောင်တယ်။
ဒါပေမဲ့လည်း တရုတ်သမ္မတ ရှီကျင့်ဖျင်ဟာ ပြည်သူ့ ဆက်ဆံရေး အောင်မြင်မှုကို စွန့်ပစ်လိုက်ဖို့ ဆန္ဒရှိနေတယ်။ နောက်ဆုံးမှာတော့ မုန်ဟောင်ဝေကို လာဘ်စားတဲ့ ကိစ္စနဲ့ စုံစမ်းစစ်ဆေးနေကာ ထိန်းသိမ်းထားတယ်လို့ ကြေညာခဲ့တယ်။ တရုတ်နိုင်ငံရဲ့ ဆက်လက်လှုပ်ရှားနေတဲ့ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးလှုပ်ရှားမှုကြောင့် ဒီဆုံးဖြတ်ချက်ဟာ တရားဝင်ပေမဲ့ ဝေဖန်သူတွေ ပြောနေတာကတော့ ဒီလုပ်ရပ်ဟာ ရှီကျင့်ဖျင်ကို သစ္စာမရှိတဲ့ နိုင်ငံရေးသမားတွေကို ဖယ်ရှားသုတ်သင်ဖို့ အကာအကွယ်တစ်ခုဖြစ်တဲ့အပြင် ကမ္ဘာရဲ့ ထင်မြင်ချက်ကိုပါ လုံးဝဥဿုံ ဥပေက္ခာပြုလိုက်တဲ့ သဘောပဲ။
တကယ်ပြောရရင်တော့ သမ္မတရှီဟာ ၂၀၁၂ ခုနှစ်က အာဏာရလာပြီးတဲ့နောက်မှာ ဟောင်ကောင်က အသေးစား စာအုပ်ထုတ်ဝေတဲ့ တရုတ်တွေ (တချို့မှာ တရုတ်နိုင်ငံသားမဟုတ်ကြဘူး)၊ နောက်ပြီး တရုတ်လုပ်ငန်းအကြီးအကဲတွေကို တိတ်တခိုးပြန်ပေးဆွဲကာ တရုတ်နိုင်ငံသို့ ခေါ်ဆောင်သွားခဲ့တယ်။ နှုတ်ဆိတ်နေပြီး မျက်ကွယ်ရာမှာ တာရှည်တဲ့အချိန်ကာလနောက်ပိုင်းမှာ သူတို့ဟာ ပေါ်ထွက်လာကာ သူတို့ရဲ့ အရင်က လုပ်ခဲ့တဲ့ အလုပ်တွေကို ကျောခိုင်းပစ်ခဲ့ကြတယ်။ တရုတ်နိုင်ငံရဲ့ အကျော်ကြားဆုံး ရုပ်ရှင်သရုပ်ဆောင် ဖန်ပိန်းပိန်းလည်း ဒီလိုပဲဖြစ်ခဲ့တယ်။ သူ့ရဲ့ Sina Weibo (တရုတ်နိုင်ငံရဲ့ Twitter) ဆိုရှယ်မီဒီယာအကောင့်ဟာ ရုတ်တရက် တိတ်ဆိတ်သွားကာ သူလည်း ဇူလိုင်လက ပျောက်ဆုံး သွားခဲ့တယ်။ သူဘာဖြစ်သွားတယ်ဆိုတာ ဘယ်သူမှမသိကြပေမဲ့ အစိုးရနဲ့ပတ်သက်နေတယ်လို့ ယူဆခဲ့ကြတယ်။
နောက်ဆုံးမှာတော့ သူဟာ ဒီလစောစောပိုင်းက ပေါ်လာခဲ့ပြီး အခွန်ရှောင်တိမ်းခဲ့တဲ့အတွက် အလွန်နှိမ့်ချကာ တောင်းပန်ခဲ့တယ်။ ကြီးမားတဲ့ ဒဏ်ငွေကိုလည်း သူပေးဆောင်ရတော့မှာ ဖြစ်တယ်။ သူ့ထုတ်ပြန်ချက်မှာ တရုတ်ကွန်မြူနစ်ပါတီကို ထိထိရောက်ရောက် ချီးမွမ်းခဲ့ တာတွေပါပြီး သရုပ်ဆောင်တစ်ယောက်အနေနဲ့ အောင်မြင်မှုဟာလည်း တရုတ်ကွန်မြူနစ်ပါတီနဲ့ မကင်းဘူးလို့ပြောခဲ့ တယ်။ ဖန်ပိန်းပိန်းရဲ့ အပြစ်ဟာလည်း ဆိုဗီယက် ကွန်မြူနစ်ပါတီသတင်းစာ ပရာဗဒါရဲ့ အယ်ဒီတာ နီကိုလိုင်ဘူခါရင်ရဲ့ သနားစဖွယ်ဖြောင့်ချက်တွေနဲ့ စတာလင်အုပ်စိုးစဉ် ထုတ်ပယ်သန့်စင်ခံခဲ့ရတဲ့ လူတွေလိုပဲ စိတ်ပျက်စရာကောင်းအောင် ကောင်းကောင်းကျွမ်းနေတယ်။
ဆော်ဒီအာရေဗျ နိုင်ငံဟာလည်း နိုင်ငံရေးအရင်းခံတဲ့ ပြန်ပေးဆွဲမှုတွေကို ဆောင်ရွက်ခဲ့တယ်။ ပြီးခဲ့တဲ့နှစ်က လက်ဘနွန်ဝန်ကြီးချုပ် ဆာ့ဒ်ဟာရီရီ ရီယာ့ဒ်မြို့တော်ကို တရားဝင်လာရောက်တုန်းက ထိန်းသိမ်းထားဖို့ ဆော်ဒီအာရေဗျအိမ်ရှေ့မင်းသား မိုဟာမက် ဘင်ဆယ်လ်မန်က အမိန့်ပေးခဲ့တယ်။ ဟာရီရီကို သူ့သက်တော်စောင့်တွေနဲ့ ခွဲထားပြီး ရာထူးကနေ အတင်းအဓမ္မနုတ်ထွက်စေခဲ့တယ်။ ရက်သတ္တပတ် အတော်ကြာတော့မှ သူ့ကို ဖမ်းချုပ်ထားသူတွေ စိတ်ကျေနပ်မှုရသွားတော့မှ ဟာရီရီကို လက်ဘနွန်သို့ပြန်ခွင့်ပေးပြီး ရွေးကောက်ခံခေါင်းဆောင်အဖြစ်နဲ့ ပြန်လည် တာဝန်ထမ်းဆောင်စေခဲ့တယ်။
လွန်ခဲ့တဲ့ရက်သတ္တပတ်တုန်းက ပြည်နှင်ဒဏ်ခံထားရတဲ့ ဆော်ဒီသတင်းစာဆရာ ဂျာမားခါရှော့ဂျီဟာ နောက်တစ်နေ့မှာ တူရကီအမျိုးသမီးတစ်ယောက်နဲ့ လက်ထပ်နိုင်ဖို့ လင်မယားကွာရှင်းမှုကို အတည်ပြုတဲ့ စာရွက်စာတမ်းကိုယူဖို့ အစ္စတန်ဘူလ်မြို့ရှိ ဆော်ဒီကောင်စစ်ဝန် ရုံးထဲဝင်သွားရာမှ ပြန်ထွက်မလာတော့ဘူး။
ခါရှော့ဂျီ ပျောက်ဆုံးသွားတာကိုကြည့်ရင် ယနေ့ အာဏာရှင်တွေဟာ သူတို့ကို ရှုတ်ချပုတ်ခတ်သူတွေကို အသံတိတ်သွားအောင် လုပ်ဖို့ဆိုရင် နိုင်ငံနယ်နိမိတ်ကိုပါ ဂရုမစိုက်တော့တာကို နောက်ထပ်အထောက်အထားပဲ ဖြစ်တယ်။ ခါရှော့ဂျီ ဘာဖြစ်သွားတယ်ဆိုတာ အခုတိုင် မသိသေးပေမဲ့ သမ္မတ အာဒိုဂန်ဦးဆောင်တဲ့ တူရကီအစိုးရက ကောင်စစ်ဝန်ရုံးအတွင်းမှာ ခါရှော့ဂျီ အသတ်ခံရတယ် လို့ မလျှော့တမ်း ပြောနေတယ်။
တူရကီအာဏာပိုင်တွေရဲ့ အပြောအရ လူ ၁၅ ယောက်ပါတဲ့ အဖွဲ့နှစ်ဖွဲ့ဟာ ခါရှော့ဂျီ ကောင်စစ်ဝန်ရုံးနဲ့ ရက်ချိန်းယူထားတဲ့နေ့မှာ ရီယာ့ဒ်မြို့မှ အစ္စတန်ဘူလ်မြို့သို့ လေကြောင်းနဲ့ရောက်လာပြီး နာရီပိုင်းအတွင်းမှာ ပြန်လည်ထွက်ခွာသွားတယ်လို့ ဆိုတယ်။ ဒါဟာ ရုရှားတွေနဲ့ တူနေတာတွေရတယ်။ စတာလင်မှာလည်း အထူးလုပ်ကြံသတ်ဖြတ်တဲ့ အဖွဲ့တွေရှိခဲ့တယ်။ အဖွဲ့ တစ်ဖွဲ့ဟာ စတာလင်ရဲ့ မဟာရန်ဘက် လီယွန်ထရော့ စကီးကို မက္ကဆီကိုနိုင်ငံမှာ လုပ်ကြံသတ်ဖြတ်ခဲ့တယ်။ အံသြစရာမကောင်းတာက ဆော်ဒီတွေက ဘာအပြစ်မှ မကျူးလွန်ခဲ့ဘူးလို့ငြင်းကာ ခါရှော့ဂျီဟာ ကောင်စစ်ဝန် ရုံးကထွက်ခွာသွားခဲ့တယ်ဆိုပြီး ပြောတယ်။ ရုရှားနိုင်ငံရဲ့ ကိုယ်ပိုင်အတွေ့အကြုံနဲ့ အစိုးရက ဆောင်ရွက်ခဲ့တဲ့ လူပျောက်ဆုံးမှုတွေဟာ အတိတ်မှာတင် ဖြစ်ခဲ့တာမဟုတ်ဘူး။ သမ္မတပူတင်ရဲ့ အစိုးရအနေနဲ့ ရှုတ်ချပုတ်ခတ်သူတွေကို ပစ်မှတ်ထားကာ ပင်လယ်ရပ်ခြားတွင် သတ်ဖြတ်ဖို့ ကြံစည်မှုတွေလည်းရှိခဲ့တယ်။ မတ်လတုန်းက UK မှာ ရုရှားသူလျှိုဟောင်းနဲ့ သူ့သမီးကို အာရုံ ကြောအဆိပ်ဓာတ်ငွေ့နဲ့ တိုက်ခိုက်ခဲ့တာကို ကြည့်ရင်သိနိုင်တယ်။
မေးစရာရှိတာကတော့ အာဏာရှင်အစိုးရတွေရဲ့ သူတို့ကို ဆန့်ကျင်သူတွေကို တိတ်ဆိတ်အောင်လုပ်ရာမှာ နယ်နိမိတ်တွေ၊ သို့မဟုတ် အချုပ်အခြာအာဏာကို အထင်သေးတာတွေဟာ ကုန်ကျမှုနဲ့တန်ရဲ့လားဆိုတဲ့ အချက်ပဲဖြစ်တယ်။ အနောက်အုပ်စုနိုင်ငံတွေမှာဆိုရင် ပူတင်ကို အပယ်ခံလို့သတ်မှတ်ကြပြီး ရှီကျင့်ဖျင်ကိုလည်း အလားတူ ယုံကြည်မှုဆုံးရှုံးဖို့ စိတ်ကစားနေတယ်။ အိမ်ရှေ့မင်းသား မိုဟာမက်ရဲ့ ပြုပြင်ပြောင်းလဲရေးသမားဆိုတဲ့ ဂုဏ်သတင်းဆိုးရွားစွာ ထိခိုက်ခဲ့တယ်။ ပြင်မရတဲ့ အထိတောင်ဖြစ်သွားနိုင်တယ်။ သူတို့အားလုံးဟာ မကြာမီ Dake Enghien ကို ပြန်ပေးဆွဲပြီး အယောင်ဆောင် တရားစီရင်မှုအပြီး နပိုလီယံရဲ့ ရဲတပ်ဖွဲ့အကြီးအကဲ Joseph Fouche ပြောခဲ့တဲ့ "ဒီကိစ္စဟာ ပြစ်မှုထက် ဆိုပါတယ်။ အမှားတစ်ခုပဲဖြစ်တယ်" ဆိုတဲ့ စကားကို သဘောပေါက်မိလာနိုင်တယ်။
(ဤဆောင်းပါးသည် Nina L. Khrushcheva ၏အာဘော်သာဖြစ်သည်။ သူသည် The New School မှ နိုင်ငံတကာရေးရာပါမောက္ခနှင့် World Policy Institute မှ အဆင့်မြင့်ပုဂ္ဂိုလ်ဖြစ်ပြီး Imagining Vabokov: Russia Between Art and Politics နှင့် The Lost Krushchev: A Journey into the Gulag of the Russian Mind စာအုပ်များ ရေးသားခဲ့သည်။) (Project Syndicate)

















