ဂျေရုဆလင်-၂၀၁၇ ခုနှစ်က အစ္စရေး စစ်သားတစ်ဦးကို ပါးရိုက်ခဲ့သည့်အတွက် အာဟက်ဒ် တာမီမီကို အစ္စရေးအစိုးရက အကျဉ်းချထားခဲ့ရာ ဆယ်ကျော်သက်အရွယ်သာရှိသေးသည့် ပါလက်စတိုင်း အရေးလှုပ်ရှားတက်ကြွသူလေး ငြိမ်သွားမည်ဟု မျှော်လင့်ခဲ့ကြသည်။ သို့သော် ထိုဖြစ်ရပ်က တာမီမီကို နိုင်ငံတကာစင်မြင့်တွင် ထင်ပေါ်ကျော်ကြားလာစေခဲ့သည်။
တာမီမီသည် အစ္စရေးသိမ်းပိုက်မှုကို ဆန့်ကျင်သည့် လှုပ်ရှားမှု၏ စူပါစတားတစ်ဦးအဖြစ် ထောင်မှထွက်ပြီး သုံးလမပြည့်မီမှာပင် ဥရောပနှင့် အရှေ့အလယ်ပိုင်းဒေသများသို့ ခရီးလှည့်လည်ခဲ့သည်။ ၎င်းကိုလိုလားသည့် ပရိသတ်များကို ဟောပြောခြင်း၊ ကမ္ဘာ့ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့ပြီး သူ့ကို ရီယဲလ်မဒရစ်ဘောလုံးအသင်းက ကြိုဆိုနှုတ်ဆက်ခဲ့သည်။ တာမီမီကို အရေးကြီးပုဂ္ဂိုလ်အဖြစ် သဘောထားကာ ဧည့်ခံကြိုဆိုခြင်းကြောင့် အစ္စရေးအာဏာပိုင်တို့ တုန်လှုပ်ချောက်ချားကာ ၎င်း၏အမှုကိစ္စကို အစ္စရေးတို့က မှားယွင်းစွာ စီမံခန့်ခွဲခဲ့လေသလားဟုပင် အချို့သူများအတွက် မေးခွန်းထုတ်စရာ ဖြစ်လာသည်။
တာမီမီသည် အနောက်ဘက်ကမ်း နာဘီဆာလေရွာရှိ ၄င်း၏နေအိမ်ရှေ့တွင် အစ္စရေး စစ်သားတစ်ဦးနှင့် ထိပ်တိုက်ရင်ဆိုင်တွေ့ခဲ့သည့် ပြီးခဲ့သည့်နှစ်က နိုင်ငံတကာက အာရုံစူးစိုက်မှုရရှိခဲ့သည်။ ၎င်းက စစ်သားကို ခြေထောက်ဖြင့်ကန်ကာ ပါးရိုက်ခဲ့ပြီး အခြားစစ်သားတစ်ဦးကို ဆွဲယမ်းခဲ့သည့် ဗီဒီယိုမှတ်တမ်းသည် ဆိုရှယ်မီဒီယာပေါ်တွင် လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။ တာမီမီ၏ ဆွေနီးမျိုးစပ်မိသားစုဝင်များသည် အစ္စရေး၏ စောင့်ကြည့်မှုကို ရှေးယခင်ကတည်းက ခံရသူများဖြစ်သည်။ နာဘီဆာလေရွာလေးသည် လူ ၆၀ဝ မျှနေထိုင်ကာ အများစုမှာ တာမီမီမျိုးနွယ်စုဖြစ်သည်။ ၎င်းတို့
သည် အနီးအနား၌ အစ္စရေးတို့ ပြောင်းရွှေ့အခြေချမှု တိုးချဲ့လာခြင်းကို ဆန့်ကျင်သည့် အပတ်စဉ် ကန့်ကွက်မှုများကို နှစ်ပေါင်းများစွာ ပြုလုပ်လာကြကာ တစ်ခါတစ်ရံ ကျောက်တုံးများဖြင့် စုဝေးပစ်ပေါက်ခြင်းကြောင့် အစ္စရေး စစ်တပ်က မျက်ရည်ယိုဗုံး၊ ရော်ဘာကျည်ဆံ၊ လောင်နေသော မီးတောက်များဖြင့် တုံ့ပြန်မှုများ ဖြစ်ပေါ်စေခဲ့သည်။
အစ္စရေးတို့အတွက်မူ တာမီမီတို့သည် နိုင်ငံတော်၏ ပုံရိပ်ထိခိုက်စေရန် မီဒီယာကိုအသုံးချကာ ဆွပေးသည့် အုပ်စုတစ်စုဖြစ်သည်။ ပါလက်စတိုင်းတို့အတွက်မူ ၎င်းတို့သည် အစ္စရေးတို့ကို ရင်ဆိုင်ရဲသည့် ရဲဝံ့သောသူရဲကောင်းများအဖြစ် မြင်ကြသည်။ ထောင်မှလွတ်ပြီး ရက်သတ္တပတ်အနည်းငယ်အကြာတွင် တာမီမီသည် ပြင်သစ်၊ စပိန်၊ ဂရိ၊ တူနီးရှားနှင့် ဂျော်ဒန်နိုင်ငံတို့သို့ ခရီးစဉ်စတင်ခဲ့သည်။ ရပ်နားသည့်နိုင်ငံတိုင်းလိုလိုတွင် ၎င်းကို လူထုကြီးက သောင်းသောင်းဖြဖြကြိုဆိုကြသည်။ ၎င်း၏ခရီးစဉ်ကို စက်တင်ဘာ ၁၄ ရက်က ပြင်သစ်တွင်စတင်ခဲ့ကာ ပြင်သစ်ရှိ ကွန်မြူနစ်ပါတီ၏ လူထုစည်းဝေးပွဲတွင် တာမီမီပါဝင်ခဲ့သည်။
ဂရိနိုင်ငံ၏ ကေကေအီး ကွန်မြူနစ်ပါတီ၏ နှစ် ၁၀ဝ ပြည့် နှစ်ပတ်လည် အခမ်းအနားတွင် ၎င်းက ဦးဆောင်သူတစ်ဦးဖြစ်ခဲ့သည်။ တူနီးရှားသမ္မတ ဘန်ဂျီကာ့ အက်ဆက်စီသည် ယခင်က ပါလက်စတိုင်းလွတ်မြောက်ရေးအဖွဲ့ ဌာနချုပ်ကို အစ္စရေးတို့ ဗုံးကြဲတိုက်ခိုက်ခဲ့သည့် ၃၃ နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားတွင် တာမီမီတို့ မိသားစုကို ဖိတ်ကြားခဲ့သည်။ ယင်းအခမ်းအနားတွင် အက်ဆက်စီက ၎င်းအား သံလွင်ခက် ကိုက်ထားသည့် ငွေရောင်ချိုးငှက်ရုပ်တုပေးခဲ့သည်။
ဂျော်ဒန်ဘုရင် ဒုတိယမြောက် အဗ္ဗဒူလာနှင့် တူရကီ သမ္မတ ရီဆက်တေယစ်ပ်အာဒိုဂန်တို့နှင့် တွေ့ဆုံမှုများ အတွက် လုပ်ဆောင်နေသည်ဟု ၎င်းနှင့်အတူလိုက်ပါသွားသည့် ဖခင်ဖြစ်သူ ဘာဆမ်တာမီမီက ပြောသည်။
တာမီမီသည် ထောင်ထဲမှ ၎င်း၏အတွေ့အကြုံများကို အရှေ့အလယ်ပိုင်းတွင် ထုတ်ဝေသည့် နာမည်ကျော် ဖက်ရှင်မဂ္ဂဇင်း ဗို့ဂ်အာရေးဘီးယားတွင် မကြာသေးခင်က ထုတ်ဖော်ရေးသားခဲ့သည်။
အစ္စရေးအာဏာပိုင်တို့က ၎င်း၏ ခရီးစဉ်တစ်လျှောက် တွင် ဘာမှမပြောဘဲ နှုတ်ဆိတ်နေသော်လည်း အကြောင်းအရာတစ်ခုကိုမူ ထုတ်ဖော်ပြောကြားခဲ့သည်။ ရီးယဲလ်မဒရစ်တွင် တာမီမီကို ဧည့်ခံကြိုဆိုရာတွင် တိုက်စစ်မှူးကစားသမားဟောင်း အီမီလီရိုဘူထရာဂူနိုနှင့် တွေ့ဆုံခဲ့ပြီး တာမီမီ နာမည်ထိုးထားသည့် အသင်းဂျာစီ အင်္ကျီတစ်ထည် လက်ခံရရှိခဲ့သည်ကိုမူ အစ္စရေးတို့ သည်းမခံနိုင်လောက်ဖြစ်ခဲ့သည်။
နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် အီမန်နျူရယ်နာရွန်က တာမီမီကိုအသင်း၏ ကြိုဆိုပုံမှာ ရှက်စရာကောင်းသည်ဟု တွစ်တာတွင် ရေးသားခဲ့သည်။ မုန်းတီးမှုနဲ့ အကြမ်းဖက်မှုကို လှုံ့ဆော်ပေးသည့် လူတစ်ဦးသည် ရော့ခ်စတားတစ်ဦးကဲ့သို့ အောင်ပွဲခံခရီးသွားနေစဉ် ဘာမှမပြာဆိုဘဲနေသည်မှာ စိတ်ဓာတ်ရေးရာအရ မှားယွင်းသည်ဟု ၎င်းကပြောသည်။

















