တိုကျို-မည်သို့ အဆုံးသတ်မည်ဆိုသည်ကို မသိ၍ ဝတ္ထုရေးသားရခြင်းကို နှစ်သက်ကြောင်း ဟာရုကီ မူရာကာမိက အောက်တိုဘာ ၂၁ ရက်တွင် ပြုလုပ်ခဲ့သော ၎င်း၏ Killing Commendatore ဝတ္ထုအထူးအသံလွှင့်အစီအစဉ်တွင် ပြောကြားခဲ့သည်။
၎င်း၏ ဝတ္ထုရေးသားရာတွင် ဇာတ်လမ်း မည်သို့အဆုံးသတ်မည်ကို မစဉ်းစားဘဲ ရေးသားပြီး ဇာတ်လမ်းပုံပေါ်လာသည့် အခြေအနေအတိုင်း အဆုံးသတ်ကို ရေးသားကြောင်း မူရာကာမိက ပြောကြားခဲ့သည်။
"အဆုံးသတ်ကို သိနေတဲ့ ဝတ္ထု တစ်ပုဒ်ကို ရေးရတာ ဘယ်လောက် ပျင်းဖို့ကောင်းလဲ" ဟု မူရာကာမိက ပြောကြားခဲ့သည်။ "ဝတ္ထု အဆုံးသတ်ကို ဒီဝတ္ထုရေးသားနေတဲ့ စာရေးဆရာကိုယ်တိုင်တောင်မသိရင် သူ့အတိုင်းပဲ စိတ်လှုပ်ရှားမှုနဲ့ ကြိုတင်မျှော်လင့်ထားတိုင်း ဖြစ်မဖြစ်ဆိုတဲ့ ခံစားမှုကို စာဖတ်သူတွေလည်း ရရှိပါလိမ့်မယ်" ဟု မူရာကာမိက ထည့်သွင်းပြောကြားခဲ့သည်။
မူရာကာမိ ရေဒီယို အစီအစဉ်သည် အချိန် ၅၅ မိနစ် ကြာမြင့်သော ဂျပန်နိုင်ငံတွင်သာ ထုတ်လွှင့်သည့် အသံလွှင့် အစီအစဉ်တစ်ခုဖြစ်ပြီး သြဂုတ်လတွင် ပထမအကြိမ်ထုတ်လွှင့်ပြီး နာမည်ကြီးခဲ့ပြီးနောက် ဒုတိယအကြိမ်အဖြစ် အောက်တိုဘာလတွင် ထုတ်လွှင့်ခဲ့ခြင်းဖြစ်သည်။
၎င်း၏ ဝတ္ထုများတွင် ဂီတက အရေးအကြီးဆုံး တန်ဆာ တစ်ခုဖြစ်သည်။ ၎င်းကိုယ်တိုင်လည်း ဂီတကို ချစ်မြတ်နိုးသူတစ်ယောက်ဖြစ်သည့်အတွက် ဝတ္ထုရေးသားရာတွင် ဂီတကိုအခြေခံ၍ ရေးခဲ့သည်။ အောက်တိုဘာ ၂၁ ရက်တွင် ရေဒီယိုအစီအစဉ်တွင် ၎င်းကြိုက်နှစ်သက်သော ဂျက်ဇ်ဂီတနှင့် ပေါ့ပ်ဂီတတို့ကို တီးခတ်ခဲ့သည်။ လွန်ခဲ့သော သီတင်းပတ်က ကွယ်လွန်ခဲ့သော အယ်ရီတာ ဖရန်ကလင်ကို ဂုဏ်ပြုသောအားဖြင့် ၎င်း ပြန်လည်သီဆိုထားသော ဖရန့်ခ် ဆီနားထရား၏ My way သီချင်းကို ဖျော်ဖြေခဲ့သည်။
အသက် ၆၉ နှစ်ရှိပြီဖြစ်သည့် မူရာကာမိသည် ဝါဆေဒါ တက္ကသိုလ်တွင် ဘွဲ့ရခဲ့ပြီးနောက် တိုကျိုမြို့တွင် ဂျက်ဇ် ဂီတဘားတစ်ခု ဖွင့်လှစ်ခဲ့ပြီး စာများစတင်ရေးသားခဲ့သည်။ ၎င်း၏ ပထမဆုံး ဝတ္ထု Hear the Wind Sing က ၁၉၇၉ ခုနှစ်တွင် ထွက်ရှိခဲ့ပြီး Norwegian Wood မှာ ၁၉၈၇ ခုနှစ်တွင် ထွက်ရှိခဲ့သည်။ Norwegian Wood သည် ၎င်း၏ အရောင်းရဆုံး ဝတ္ထုတစ်အုပ်ဖြစ်ပြီး နာမည်ကြီး စာရေးဆရာဖြစ်လာစေသော ဝတ္ထုတစ်အုပ်ဖြစ်သည်။
နိုဘယ်လ် စာပေဆု ဆန်ခါတင်စာရင်းဝင် မူရာကာမိက ကော်မတီ အရှုပ်အထွေးများကြောင့် နိုဘယ်လ် စာပေဆုနှင့်လွဲချော်ခဲ့သည်မှာ နှစ်နှစ်ခန့်ရှိပြီဖြစ်သည်။ အောက်တိုဘာလ အစောပိုင်းတွင် နယူးယော့ခ် မြို့တော်ရှိ နယူးယော့ခ်ကာ မဂ္ဂဇင်းက ပြုလုပ်ပေးခဲ့သော ဆွေးနွေးပွဲသို့ မူရာကာမိက ၎င်း၏ နောက်ဆုံးစာအုပ် ထွက်ရှိမှုအတွက် တက်ရောက်ခဲ့သည်။ အဆိုပါပွဲတွင် ၎င်းက နောက်ဆုံးစာအုပ်ကို ၁၈ရာစု တစ္ဆေဝတ္ထုကို အခြေခံပြီး ရေးသားခဲ့ကြောင်း ပြောကြားခဲ့ပြီး The Great Gasby ကို ဂုဏ်ပြုသောအားဖြင့် ၎င်းလို ဇာတ်လမ်းမျိုး ရေးသား လိုကြောင်း ပြောကြားခဲ့သည်။

















