ပြီးခဲ့သည့်စက်တင်ဘာလမှစတင်၍ စက်သုံးဆီဈေးနှုန်းများ မြင့်တက်နေသော်လည်း မန္တလေး-မူဆယ်ကုန်တင်တွဲကားများသည် ကုန်စည်ရှားပါးမှုကြောင့် ပို့ဆောင်ခတစ်ပိဿာလျှင် ၆ဝကျပ်ဝန်းကျင်အထိ လျှော့ချပြေးဆွဲပေးနေရကြောင်း အဆိုပါလမ်းပိုင်းရှိ ကုန်တင်ယာဉ်မောင်းများက ဆိုသည်။
''တချို့ကတော့ကုန်မရှိလို့နားနေကြရတယ်။ပွင့်လင်းရာသီဆိုရင်တစ်ရက်ကိုမူဆယ်-မန္တ လေးအဆင်း/အတက်အစီးရေ၂ဝဝဝ လောက်ရှိရင်အခုက၁ဝဝဝ တောင်မရှိဘူး။ဆီဈေးကတက်သွားတဲ့အပြင် ဒေါ်လာဈေးကပါတက်သွားတဲ့အတွက်အရောင်းအဝယ်မကောင်းတော့ပို့ဆောင်ရေးကပါမကောင်းတော့ဘူး။ကားပိုင်ရှင်တွေကတော့ယာဉ်မောင်းနဲ့စပါယ်ယာတွေထိန်းထားဖို့အတွက်အလုပ်ရှိရင်ပြီးရောဆိုတဲ့သဘောနဲ့ရတဲ့ဈေးနဲ့သွားနေကြရတယ်''ဟု မူဆယ်မြို့မှ ယာဉ်မောင်းတစ်ဦးက ပြောသည်။
လွန်ခဲ့သည့်တစ်လခွဲအချိန်ခန့်က ကုန်စည်ပို့ဆောင်ခတစ်ပိဿာလျှင် ကျပ်၇ဝမှ၈ဝအထိရှိခဲ့ပြီး လက်ရှိအချိန်တွင်၅၅ကျပ်မှ၆၅ကျပ်ဖြင့် ပြေးဆွဲပေးလျက်ရှိရာ စက်သုံးဆီ၊အင်ဂျင်ဝိုင်၊ကားတာယာဖိုးကုန်ကျစရိတ်၊ယာဉ်မောင်း၊ယာဉ်နောက်လိုက် ပေးချေငွေများ ဖြင့်တွက်ချက်ပါက တွက်ချေမကိုက်ဘဲအရှုံးဖြင့်သာ ပြေးဆွဲပေး နေရခြင်းဖြစ်ကြောင်း ယာဉ်ပိုင်ရှင်များက ပြောသည်။
''ကားခ ဈေးကောင်းချိန်မှာတော့ ဆီဈေးကဒီလောက်ပဲရှိတာကို ကားခဒီလောက်ယူရသလားဆိုပြီး ပြောကြတယ်။ကားနည်းသွားချိန်မှာတော့ကုန်သည်တွေကသူ ရောင်းချင်တဲ့နေရာအထိကုန်ပစ္စည်း တွေ ရောက်ဖို့ကားခဈေးတွေကိုတိုးပေးရင်တော့အဆင်ပြေတယ်။အခုချိန်ကတော့ပို့ဆောင်ရတဲ့ပစ္စည်းကလည်းနည်းနေသလိုဆီဈေးကလည်း မြင့်နေတဲ့အတွက်သိပ်အဆင်မပြေဘူး''ဟု မူဆယ်မြို့မှ ယာဉ်မောင်းက ဆိုသည်။
ကုန်တင်ကားကြီးများထွက်ခွာမှုများပြီး မူဆယ် (သို့မဟုတ်) မန္တလေးမြို့၌ကုန်တင်ကားနည်း နေချိန်၊ကုန်သည်များက ၎င်းတို့ကုန်ပစ္စည်းများအရေးတကြီးတင်ပို့လိုသည့်အချိန်နှင့် ကားရှားပါးချိန်များတွင် ကုန်သည်များဘက်မှ ကုန်တင်ခတိုးပေးလေ့ရှိသည်။ထို့အတူ သင်္ကြန်မတိုင်မီကုန်စည်စီးဆင်းမှု ကောင်းချိန်များတွင် ကုန်တင်ကားကြီးများ၊တွဲကားများအဆင်ပြေကာ ကုန်စည်ပို့ဆောင်ခပိုမိုရရှိတတ်ကြသည်။
















