တရုတ်နိုင်ငံရှိ ရေခဲပြင်အရည်ပျော်မှု ခရီးသွားများကို ဆွဲဆောင်၊ ရာသီဥတု စိုးရိမ်ရ

တရုတ်နိုင်ငံရှိ ရေခဲပြင်အရည်ပျော်မှု ခရီးသွားများကို ဆွဲဆောင်၊ ရာသီဥတု စိုးရိမ်ရ

ကမ္ဘာပေါ်တွင် အရည်ပျော်မှုအမြန်ဆုံး ရေခဲပြင်များအနက် တစ်ခုဖြစ်သော တရုတ်နိုင်ငံတောင်ပိုင်းရှိ ပေ ၁၅,ဝ၀ဝ မြင့် ရေခဲထုဆီသို့ ကမ္ဘာလှည့်ခရီးသွားများ လာရောက်လေ့လာလျက်ရှိသည်။

အာရှတိုက် အရှေ့တောင် အစွန်းပိုင်းရှိ ပိုင်စွေ ရေခဲပြင်အလှကို နှစ်စဉ် လူသန်းပေါင်းများစွာ လာရောက်လည်ပတ်ကြသည်။ ပိုင်စွေရေခဲပြင်သည် နယူးမက္ကဆီကိုနှင့် တက္ကဆက်ပြည်နယ် နှစ်ခုပေါင်းအရွယ်ရှိပြီး အန္တာတိကနှင့် ဂရင်းလန်းကျွန်းပြီးနောက် ကမ္ဘာ့ တတိယအကြီးဆုံး ရေခဲပြင်ဖြစ်သည်။ တတိယဝင်ရိုးစွန်းဟု တင်စားထားသော အဆိုပါ ရေခဲပြင်သည် အာဖဂန်မှ ဗီယက်နမ်အထိ လူဘီလျံပေါင်းများစွာအတွက် အရေးပါလှသည်။ အဆိုပါရေခဲပြင်မှ အရည်ပျော်ပြီး အာရှအကြီးဆုံးမြစ်များဖြစ်သော ယန်ဇီ၊ မြစ်ဝါ၊ မဲခေါင်နှင့် ဂင်္ဂါမြစ်များအတွင်းသို့ ရေများ ရာသီအလိုက် စီးဆင်းလျက်ရှိသည်။

"ဒီ ရေခဲပြင်ဟာ ကမ္ဘာပေါ်ရှိ အကြီးဆုံး ရေသန့်အရင်းအမြစ်တွေထဲက တစ်ခုဖြစ်ပါတယ်" ဟု အာရှ သုတေသန နိုင်ငံလုံးဆိုင်ရာ ဗျူရို၏စွမ်းအင်အစီအစဉ် မန်နေဂျာ အက်ရှ်လေ ဂျွန်ဆင်က ပြောကြားခဲ့သည်။ "အရည်ပျော်တဲ့ပမာဏကို မူတည်ပြီး ရေချိုတွေဟာ သမုဒ္ဒရာအတွင်း စီးဝင်လျက်ရှိပါတယ်။ ဒီလိုစီးဝင်မှုတွေကြောင့် ရေနဲ့ အစားအစာ လုံခြုံရေးမှာ အကျိုးသက်ရောက်မှု ရရှိနိုင်ပါတယ်" ဟု ၎င်းက ပြောကြားသည်။

ရာသီဥတု ပြောင်းလဲမှုကြောင့် စက်မှုခေတ်ကြို အပူချိန်အဆင့်ထက် ယနေ့တွင်  ၁ ဒီဂရီစင်တီဂရိတ် မြင့်တက်လာသည့်အပြင် ကမ္ဘာအနှံ့ ရေခဲပြင်များ ၂၈ မှ ၄၄ ရာခိုင်နှုန်း အရည်ပျော်ကြကြောင်း ကုလသမဂ္ဂ ရာသီဥတုပြောင်းလဲမှု အစိုးရအချင်းချင်း ဆွေးနွေးရေး၏ ထုတ်ပြန်ချက်အသစ်အရ သိရသည်။ အပူချိန်များ ဆက်လက်မြင့်တက်လျက်ရှိသည်။

၁၉၈၂ ခုနှစ်လွန်ပြီးနောက် အဆိုပါ ရေခဲပြင်ထုထည်၏ ၆၀ ရာခိုင်နှုန်း ဆုံးရှုံးခဲ့ပြီး မီတာ ၂၅၀ ခန့်ကျုံ့ခဲ့ကြောင်း ဘူမိရူပသုတေသနဂျာနယ် ၂၀၁၈ ခုနှစ် အစီရင်ခံစာ အရ သိရသည်။ တရုတ်နိုင်ငံရှိ ရေခဲပြင် ၈၂ ရာခိုင်နှုန်း အရည်ပျော်ခဲ့ပြီးဖြစ်ကြောင်း သိပံ္ပပညာရှင်များက ၂၀၁၅ ခုနှစ်တွင် တွေ့ရှိခဲ့သည်။ ရေခဲပြင်အရည်ပျော်မှု ရေအရင်းအမြစ်ကို အကျိုးသက်ရောက်မှုက တရုတ်နိုင်ငံအတွက် အရေးတကြီးအခြေအနေတွင် ရှိနေကြောင်း ၎င်းတို့က သတိပေးခဲ့သည်။

"ကမ္ဘာ့လူဦးရေရဲ့ ၂၀ ရာခိုင်နှုန်းရှိတဲ့ တရုတ်နိုင်ငံဟာ ရေချိုရေသန့် လုံလောက်စွာ ရရှိရေးပြဿနာ အမြဲတမ်း ကြုံတွေ့နေရတယ်" ဟု ရှက်ဖီးလ်တက္ကသိုလ် စွမ်းအင် ဖူလုံရေးဌာနကထိက ဂျွန်နာ နိုင်မန်က ပြောကြားခဲ့သည်။ "ရာသီဥတု ပြောင်းလဲမှုကြောင့် အရည်ပျော်မှု မြင့်တက်လာတာဖြစ်တယ်" ဟု  ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

ဆယ်စုနှစ်အတွင်း နှစ်စဉ် အကွာအဝေး မီတာ ၂၀ ခန့် အရည်ပျော်ကျခဲ့သော ပိုင်စွေရေခဲပြင်ကို သုတေသနအဖွဲ့က လေ့လာခဲ့သည်။ ရေခဲတောင်ကြာပွင့်ကဲ့သို့ ပန်းမျိုးစိတ်များမှာ ရေခဲပြင် အရည်ပျော်ခဲ့ပြီးနောက် မြေပြင်မှ ပေါက်ရောက်လာနေသည်ကို တွေ့မြင်ရကြောင်း ရေခဲပြင် သုတေသနပညာရှင်နှင့် တရုတ်သိပ္ပံပညာရှင်များ ဖွဲ့စည်းထားသော ယုလောင် ရေခဲတောင်နှင့် ပတ်ဝန်းကျင် သုတေသနစခန်း ဒါရိုက်တာ ဝမ်ရှီကျင်းက ပြောကြားခဲ့သည်။

အဆိုပါသုတေသနစခန်းကို လူဦးရေ ၁ ဒသမ ၂ သန်းခန့် နေထိုင်သော လီကျန်းဒေသတွင် အခြေစိုက်ပြီး ဝမ်ရှီကျင်း ဘူမိဗေဒပညာရှင်နှင့် ဒရုန်းမောင်းနှင်သူ ချန်၊ ဘွဲ့လွန်ရေခဲမြစ်ဗေဒ ဘွဲ့လွန်ကျောင်းသား ကျိုဝူးလန်ယွဲနှင့် လျှပ်စစ်အင်ဂျင်နီယာ ကျာန်းရှိန်တို့က လေ့လာလျက်ရှိသည်။  တတိယ ဝင်ရိုးစွန်းအနှံ့ ရေခဲပြင် အရည်ပျော်မှုများကြောင့် မိုးခေါင်မှုများဖြစ်ပွားနေစဉ် ယူနန်၌ ရေချိုအများအပြားရရှိကြောင်း ၎င်းကပြောသည်။

"ကျွန်တော်တို့ အခုရောက်နေတဲ့နေရာက ၂၀ဝ၈ ခုနှစ်တုန်းက ရေခဲတွေနဲ့ ဖုံးနေခဲ့တယ်။ အခုတော့ အကွာအဝေး မီတာ ၂၀ ကနေ ၃၀ အထိ ကျုံ့သွားတယ်" ဟု ဝမ်က ပြောကြားခဲ့သည်။

ရေခဲပြင် ၁၉ ခုရှိသည့်အနက် လေးခုမှာ ၁၉၅၇ ခုနှစ်နောက်ပိုင်း ပျောက်ကွယ်သွားခဲ့ကြောင်း အဆိုပါလေ့လာရေးအဖွဲ့က တွေ့ရှိခဲ့သည်။ ပိုင်စွေဒေသ အပြောင်းအလဲက ခရီးသွားဧည့်သည်များကို ကမ္ဘာကြီး ပူနွေးလာမှုနှင့်ပတ်သက်ပြီး သင်ကြားပေးလျက်ရှိသည်ဟု ဝမ်က ပြောကြားလိုက်သည်။  ၂၀၁၇ ခုနှစ်တွင် အဆိုပါ ရေခဲပြင်တောင်တန်းသို့ ခရီးသွားဧည့်သည် ၂ ဒသမ ၆ သန်း လာရောက်လေ့လာခဲ့ကြောင်း ယုလောင် ရေခဲတောင်ဥယျာဉ်အရာရှိများ၏ ထုတ်ပြန်ချက်အရ သိရသည်။

ခန့်လင်းဦး ဘာသာပြန်သည်။