ရုရှားဓာတ်ငွေ့ အမှီခိုကင်းရေး အရှေ့ဥရောပကြိုးပမ်းချိန် အနောက်ဥရောပ မှီခိုမှုတိုး

ရုရှားဓာတ်ငွေ့ အမှီခိုကင်းရေး အရှေ့ဥရောပကြိုးပမ်းချိန် အနောက်ဥရောပ မှီခိုမှုတိုး

ပယ်လ်ဒီစကီး  (အက်စ်တိုးနီးယား)-၂၀ ရာစု တစ်စု လုံးနီးပါးပင် ဘောလ်တစ် နိုင်ငံများသည် ၎င်းတို့၏ အရှေ့ပိုင်းတွင်ရှိသော အင်အားကြီး အိမ်နီးချင်းနိုင်ငံ ဆိုဗီယက်ပြည်ထောင်စု၏ စိုးမိုးခြယ်လှယ်ခြင်းကို ခံခဲ့ရသည်။

ရုရှားနိုင်ငံမှ လွတ်လပ်ရေး ရရှိပြီးနောက် ဆယ်စုနှစ် သုံးစုနီးပါးခန့်အကြာ၌ ရုရှားအုပ်ချုပ်ရေး အရှိန်အဝါ လက်ကျန်များ ဒေသအနှံ့တွင် ဆက်လက်ပျံ့နှံ့လျက်ရှိသည်။ ဘောလ်တစ်နိုင်ငံများ၏ စီးပွားရေးတွင်လည်း ထိုနည်းတူ သက်ရောက်လျက်ရှိသည်။ မကြာသေးမီကအထိ အက်စ်တိုးနီးယား၊ ဖင်လန်၊ လတ်ဗီးယားနှင့် လစ်သူယေးနီးယားနိုင်ငံတို့က ၎င်းတို့၏ စွမ်းအင်လိုအပ်ချက်များအတွက် ရုရှားနိုင်ငံ၏ သဘာဝဓာတ်ငွေ့ကို ရာခိုင်နှုန်းပြည့် မှီခိုအားထားနေရသည်။

ယခုအချိန်တွင် ဘောလ်တစ်နှင့် နော့ဒစ် နိုင်ငံတို့က ရုရှား ဓာတ်ငွေ့တင်သွင်းမှုမှီခိုအားထားနေရမှုကို လျှော့ချဖြတ်တောက်နိုရန် ကြိုးပမ်းလာကြသည်။ အမေရိကန်နှင့် အခြားနိုင်ငံများက ဖင်လန်နိုင်ငံသို့ သဘာဝဓာတ်ငွေ့ပေးပို့နိုင်မည့် အဓိက ပိုက်လိုင်းအသစ် ဘောလ်တစ်ကွန်နက်တာကို ဖင်လန်နှင့် အက်စ်တိုးနီးယား နှစ်နိုင်ငံကြားတွင် တည်ဆောက်လျက်ရှိသည်။ အဆိုပါ ပိုက်လိုင်းအသစ်သည် ရုရှားအကူအညီဖြင့် မတည်ဆောက်သော ဖင်လန်၏ ပထမဆုံး ပိုက်လိုင်းဖြစ်လာလိမ့်မည်။

ရုရှား စွမ်းအင်ကုမ္ပဏီကြီးတစ်ခုဖြစ်သော ဂက်စ်ပရွန်ကို ၎င်း၏ မြင့်မားသော ဈေးနှုန်းများ လျှော့ချရန် အဆိုပါဒေသအတွင်းရှိ အလားတူ ပိုက်လိုင်းများက တွန်းအားပေးလျက်ရှိသော်လည်း အကျိုးအမြတ်များမှာ  နိုင်ငံရေးနှင့် စီးပွားရေးသာဖြစ်သည်။ တစ်ချိန်တည်းမှာပင် ရုရှားနိုင်ငံနှင့် စွမ်းအင်အနာဂတ် ဆက်ဆံရေးတည်ဆောက်ရန် အနောက်ဥရောပ နိုင်ငံများက ပြင်ဆင်လျက်ရှိသည်။

ဂျာမနီနိုင်ငံသို့တင်ပို့သော သဘာဝဓာတ်ငွေ့ပမာဏ နှစ်ဆမြင့်တက်သွားမည့် နော့ဒ်စထရင်း-၂ ပိုက်လိုင်းကို ရုရှားနိုင်ငံက တည်ဆောက်လျက်ရှိသည်။ အဆိုပါ ပိုက်လိုင်းက ဥရောပစွမ်းအင်နိုင်ငံရေး ပေါက်ကွဲလုနီးပါး အခြေအနေဖြစ်ပေါ်လာပြီး ယုံကြည်စိတ်ချရသော ရုရှားဓာတ်ငွေ့ထောက်ပံ့မှု လိုအပ်သော နိုင်ငံများက အခက်အခဲများကို ရင်ဆိုင်ရနိုင်သည်။ အဆိုပါ ထောက်ပံ့မှုသည် ရုရှားနိုင်ငံအတွက် ဥရောပ ရေးရာတွင် ဝင်ရောက်စွက်ဖက်နိုင်မည့် လမ်းကြောင်းတစ်ခုဖြစ်သည်။

ဥရောပသမဂ္ဂအတွက် သဘာဝဓာတ်ငွေ့သည် အလွန်အရေးပါသည်။ သဘာဝဓာတ်ငွေ့က ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများ၏ လျှစ်စစ်ဓာတ်အား လိုအပ်ချက်၏လေးပုံတစ်ပုံကျော်ကို ထုတ်လုပ်ပေးပြီး သုံးစွဲမှုနှုန်းများ ဆက်လက်မြင့်တက်လျက်ရှိသည်။ ဥရောပသမဂ္ဂ၏ ဓာတ်ငွေ့သုံးပုံတစ်ပုံမှာ ရုရှားနိုင်ငံမှ ပေးပို့ခြင်းဖြစ်ပြီး ၎င်း၏ ဈေးကွက်ရှယ်ယာကို တိုးမြှင့်ရန် ရုရှားနိုင်ငံက မျှော်လင့်လျက်ရှိသည်။ ပိုမိုသေချာစေရန် ဥရောပသို့ သွယ်တန်းထားသော သဘာဝဓာတ်ငွေ့ပိုက်လိုင်းသစ် နှစ်လိုင်းကို ဂက်စ်ပရွန် ကုမ္ပဏီက တည်ဆောက်လျက်ရှိသည်။

ပိုက်လိုင်း နှစ်လိုင်းအနက် တစ်လိုင်းမှာ တာကစ်ရှ် စတရင်းဟု အမည်ပေးထားပြီး တူရကီနှင့် ဂရိနိုင်ငံကနေတစ်ဆင့် ဥရောပတောင်ပိုင်း ဈေးကွက်များတွင် အရောင်းအဝယ်ပြုလုပ်သွားဖွယ်ရှိသည်။ ထို့ပြင် နောက်ထပ် အငြင်းပွားဖွယ်ရာ စီမံကိန်းတစ်ခုမှာ အဓိက ဥရောပအနောက်နိုင်ငံများကို ထောက်ပံ့ရန် ရွေးချယ်ထားပြီး ဂျာမနီ မြောက်ပိုင်းတွင် အဆုံးသတ်မည့် ပိုက်လိုင်း နော့ဒ်စထရင်း-၂ တည်ဆောက်ရေးပင်ဖြစ်သည်။

ဗြိတိန်၊ နော်ဝေးနှင့် နယ်သာလန်နိုင်ငံတို့က ဥရောပ အနောက်ပိုင်းနှင့် မြောက်ပိုင်းတို့၏ အကြီးဆုံး သဘာဝဓာတ်ငွေ့ထုတ်လုပ်သည့် နိုင်ငံများဖြစ်ပြီး မြောက်ပင်လယ်ရှိ သဘာဝဓာတ်ငွေ့တွင်းများကို အဓိကမှီခိုအားထားကြသည်။ သို့သော် လာမည့် ဆယ်စုနှစ်အနည်းငယ်အတွင်း ၂၀၁၆ ခုနှစ်က ယင်းနိုင်ငံတို့က ဖြန့်ဖြူးသည့် ဓာတ်ငွေ့၏ သုံးပုံတစ်ပုံခန့် ဖြည့်ဆည်းပေးနိုင်သည့်အခြေအနေမှာ တဖြည်းဖြည်း လျော့နည်းပျောက်ကွယ်သွားမည်ဟု မျှော်မှန်းထားသည်။

ခန့်လင်းဦး ဘာသာပြန်သည်။