စတီဖင်ဟော့ကင်း၏ ဘီးတပ်ကုလားထိုင်နှင့် စာတမ်းများ လေလံတင်

စတီဖင်ဟော့ကင်း၏ ဘီးတပ်ကုလားထိုင်နှင့် စာတမ်းများ လေလံတင်

လန်ဒန်-ရူပဗေဒပညာရှင် စတီဖင်ဟော့ကင်းသည် စကြဝဠာနှင့်ဆိုင်သော အမြင်ရှိသူ၊ စိတ်ကူးကြံဆနိုင်စွမ်း ရှိသူနှင့် ကမ္ဘာကျော်ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။

ကွယ်လွန်သူ ရူပဗေဒပညာရှင် စတီဖင်ဟော့ကင်း ပိုင်ဆိုင်သည့်ပစ္စည်းများတွင် စုစည်းထားသည့် သိပ္ပံဆိုင်ရာစာတမ်းများ ကမ္ဘာပေါ်တွင် အမွှမ်းတင်အခံရဆုံး ဘီးတပ်ကုလားထိုင်များမှတစ်ခုနှင့် ၎င်းပါဝင်သည့် ဟာသဇာတ်မြူး "The Simpsons" မှ ဇာတ်ညွှန်းတစ်ခုတို့ ပါဝင်သည်။ လေလံကုမ္ပဏီ ခရစ္စတီးက အောက်တိုဘာ ၂၂ ရက်က ကြေညာခဲ့သည့် အွန်လိုင်းရောင်းချမှုသည် ဟော့ကင်းပိုင်ပစ္စည်းအမျိုးအမည် ၂၂ ခုကို ပြသထားသည်။ ၎င်းတို့တွင် စကြဝဠာ၏ မူလဇာစ်မြစ်များနှင့် ပတ်သက်သော ၎င်း၏ ပါရဂူဘွဲ့စာတမ်း၊ ၎င်းရရှိခဲ့သည့် ဆုအချို့နှင့် သိပ္ပံဆိုင်ရာ သုတေသနစာတမ်းများဖြစ်သော "Spectrum of Wormholes" နှင့် "Fundamental Breakdown of Physics in Gravitational Collapse" တို့ ပါဝင်သည်။

ခရစ္စတီး လေလံပွဲက စာအုပ်များနှင့် လက်ရေးစာမူ ဌာန၏ဌာနမှူး သောမတ်စ် ဗင်နင်က အဆိုပါစာတမ်းများ သည် ၎င်း၏ ထူးခြားလှသည့် စဉ်းစားဉာဏ်ရည် ဖွံ့ဖြိုးမှုကို ဖော်ပြနေသည်ဟု ဆိုသည်။ ဟော့ကင်း၏ ဂုဏ်သတင်းက မြေပုံပေါ်တွင် တွင်းနက်များကို ဖော်ပြသည့် စကြဝဠာ သိပ္ပံပညာရှင်အဖြစ် သိပ္ပံ ဆိုင်ရာ ဂုဏ်အဆင့်အတန်းပေါ်တွင် တစ်စိတ်တစ်ဒေသ အခြေပြုသည်။

ဟော့ကင်းသည် အသက် ၂၂ နှစ်တွင် ကြွက်သား/ နာ့ဗ်ကြောများ လှုပ်ရှားမှုနှင့်ဆိုင်သော ရောဂါ (motor neuron disease) ဝေဒနာခံစားခဲ့ရပြီး နှစ်အနည်းငယ် သာ အသက်ရှည်မည်ဟုဆိုသော်လည်း ၎င်းသည် ဆယ်စုနှစ်များစွာ အသက်ရှင်နေထိုင်ပြီး အသက် ၇၆ နှစ် အရွယ်အထိတိုင် အသက်ရှည်ခဲ့သည်။

ခရစ္စတီး လေလံတင်ပွဲတွင် ဟော့ကင်း၏ ၁၉၆၅ ခုနှစ် ကိန်းဘရစ်ချ် တက္ကသိုလ် ပါရဂူဘွဲ့စာတမ်းဖြစ်သော  "Properties of Expanding Universes"  ၏ မိတ္တူငါးစုံ အနက် တစ်စုံပါဝင်ပြီး စတာလင်ပေါင် ၁၀ဝçဝ၀ဝ မှ ၁၅၀çဝ၀ဝ အထိ လေလံဈေးနှုန်းရရှိမည်ဟု ခန့်မှန်းထားသည်။ ဟော့ကင်းသည် ကိန်းဘရစ်ချ်သို့ ရောက်သည့်အချိန်တွင် ကြွက်သားယိုယွင်းခြင်းနှင့် ကျောရိုးနာဗ်ကြောယိုယွင်းခြင်း (amyotrophic lateral sclerosis) ခံစားနေရကြောင်း  စစ်ဆေးတွေ့ရှိခဲ့သည်။

ဟော့ကင်းသည် စိတ်ဓာတ်အလွန်ကျသဖြင့် ၎င်း၏ လေ့လာမှုများကို စွန့်လွှတ်ခဲ့ကြောင်း ဗင်နင်ကဆိုသည်။ ထိုရောဂါကြောင့် ဟော့ကင်းသည် လုံးဝဥဿုံနီးပါး လေဖြတ်ဝေဒနာ ခံစားခဲ့ရသည်။ ဟော့ကင်းသည် အသံထုတ်လွှတ်သည့် ကွန်ပျူတာနှင့်ဆက်သွယ်ပြီး နည်းပညာ မြင့်မြင့်ဖြင့် ပြုလုပ်ထားသော ဘီးတပ်ကုလားထိုင်များ ဖြင့် သွားလာလှုပ်ရှားသည်။ ထိုကုလားထိုင်တစ်ခုသည်  လေလံတင်ပွဲတွင် ပါဝင်ပြီး စတာလင်ပေါင် ၁၀,ဝ၀ဝ မှ ၁၅,ဝ၀ဝ အထိ ရရှိမည်ဟု ခန့်မှန်းထားသည်။

လေလံပွဲမှရမည့် အကျိုးအမြတ်များသည် Stephen Hawking Foundation နှင့် Motor Neurone Disease Association သို့ လှူဒါန်းမည်ဖြစ်သည်ဟု သိရသည်။ ဟော့ကင်းသည် ကိုယ့်ကိုယ်ကိုယ် သိပ္ပံပညာရှင် တစ်ဦးအဖြစ် ပထမမှတ်ယူပြီး လူသိများသော အဟောအပြောကောင်းသူအဖြစ် ဒုတိယ ယူဆခဲ့သော်လည်း ၎င်းသည် ကျော်ကြားသူအဖြစ် လက်ခံပြီး ပျော်ရွှင် နေကြောင်း ဗင်နင်က ဆိုသည်။  "The Simpsons" ဟာသဇာတ်မြူးတွင် အကြိမ်ကြိမ်ပါဝင်ပြီး ထိုဇာတ်မြူးမှ ၎င်း၏ပုံတူ ကျောက်ရုပ်တုကို ၎င်း၏ရုံးခန်း၌ အမှတ်တရ သိမ်းဆည်းထားကြောင်း သိရသည်။

ညွန့်ညွန့်ဝင်း ဘာသာပြန်သည်။