ရာထူးမှဖယ်ရှားခံခဲ့ရသည့် ဝန်ကြီးချုပ် ရာနီးလ် ဗစ်ကရာမာဆင်ဂဲက ဝန်ကြီးရာထူးမှဆင်းမပေးသေးဘဲ ဆန့်ကျင်နေသည့်အတွက် သီရိလင်္ကာသမ္မတမိုင်သရီပါလာ သီရိသေနာသည် လွှတ်တော်ကို ခေတ္တရပ်ဆိုင်းလိုက်ပြီဖြစ်သည်။
သီရိသေနာသည် ဗစ်ကရာမာဆင်ဂဲနှင့် ဝန်ကြီးအဖွဲ့ကို အောက်တိုဘာ ၂၆ ရက်တွင် ဖယ်ရှားပြီး ဗစ်ကရာမာဆင်ဂဲနေရာတွင် သမ္မတဟောင်း မဟိန္ဒာ ရာဇပါကသကို အစားထိုးခန့်အပ်ခဲ့သည်။ သို့သော် ဖွဲ့စည်းပုံအခြေခံဥပဒေအရ လွှတ်တော်တွင်းထောက်ခံသူအများစုရှိနေပါက ဝန်ကြီးချုပ်တစ်ဦးကို ဖြုတ်ချလို့မရနိုင်သောကြောင့် ဗစ်ကရာမာဆင်ဂဲသည် ၎င်းသည်သာ ဝန်ကြီးချုပ်ဖြစ်ကြောင်း ပြောဆိုကာ ဆန့်ကျင်နေခဲ့သည်။
လွှတ်တော်ကို ရပ်ဆိုင်းလိုက်သောကြောင့် ရာဇပါကသသည် လွှတ်တော်တွင်း အယုံအကြည်မရှိအဆိုကို တန်ပြန်ရန် ထောက်ခံသူဦးရေကို စုဆောင်းနိုင်တော့မည်ဖြစ်သည်။
ဝန်ကြီးအဖွဲ့ဝင်ဟောင်းများနှင့် အစိုးရဝန်ထမ်းဟောင်းများပါဝင်သည့် ရာဇာပါကသ၏မိသားစုဝင်များသည် အကျင့်ပျက်ခြစားမှုများဖြင့် တရားစွဲဆိုခံထားရသည်။ မကြာသေးမီလများအတွင်း သမ္မတသည် ဝန်ကြီးချုပ်က ဖော်ဆောင်သော စီးပွားရေးပြုပြင်ပြောင်းလဲမှုများကို ထောက်ခံခြင်းမပြုခဲ့သောကြောင့် သီရိသေနာနှင့် ဗစ်ကရာမာဆင်ဂဲတို့ကြား တင်းမာမှုများရှိလာခဲ့သည်။
ထို့ပြင် သီရိလင်္ကာပြည်တွင်းစစ်အတွင်း စစ်သား၏ လူ့အခွင့်အရေးချိုးဖောက်မှုများကို စုံစမ်းစစ်ဆေးမှုများအား သီရိသေနာက လိုလားခြင်းမရှိခဲ့ချေ။
ရာဇပါကသသည် သီရိလင်္ကာအား ၂၀ဝ၅ ခုနှစ်မှစ၍ သမ္မတအဖြစ် ကိုးနှစ်ကြာ အုပ်ချုပ်ခဲ့ပြီး လူများစုဝင် ဆင်ဟာလိများ၏ထောက်ခံမှုကိုရယူနိုင်ခဲ့သည်။ ရာဇပါကသသည် ၂၀ဝ၉ ခုနှစ်တွင် သီရိလင်္ကာစစ်တပ်က တမီလ်တိုင်းရင်းသားသူပုန်များအား ရက်စက်စွာနှိမ်နင်းမှုကို ကြီးကြပ်ပြီး ၂၅ နှစ်ကြာ ပြည်တွင်းစစ်ကို အဆုံးသတ်စေခဲ့သူဖြစ်သည်။
သို့သော် ပြည်တွင်းစစ် နောက်ဆုံးကာလအတွင်း စစ်တပ်က ကျူးလွန်ခဲ့သည့် စစ်ရာဇဝတ်မှုများကို စုံစမ်းစစ်ဆေးမှုများအား ခွင့်ပြုခြင်းမရှိခဲ့သောကြောင့် ဝေဖန်ပြစ်တင်ခံခဲ့ရသည်။ ပြည်တွင်းစစ်နောက်ဆုံးကာလအတွင်း တမီလ်အရပ်သား ၄၀ဝ၀ဝ ခန့်သတ်ဖြတ်ခံခဲ့ရကြောင်း ကုလသမဂ္ဂ၏အစီရင်ခံစာတွင်ဖော်ပြထားသည်။

















