ကလေးရရန် အကူအညီလိုအပ်နေသည့် စုံတွဲများကို ဆွဲဆောင်ခြင်းသည် ထိုင်းနိုင်ငံ၏ ကမ္ဘာလှည့်ခရီးသည်များအား နောက်ဆုံးပေါ် ဆွဲဆောင်နည်းဖြစ်သည်ဟု ဘန်ကောက်မြို့လယ်ကောင်ရှိ ဇိမ်ခံရေပူစမ်းတစ်ခုသို့ ရောက်ရှိနေသည့် ဝေစိုင်ယုက မျှော်လင့်ထားသည်။
'ဒုတိယအကြိမ်ဟန်းနီးမွန်း' အားလပ်ရက်ဟု ပိုစတာထောင်ထားကာ သဘာဝအတိုင်း ကိုယ်ဝန်ရရန် အခွင့်အလမ်းနှင့် ကျန်းမာသန်စွမ်းသော ကလေးမွေးဖွားရန် ရည်ရွယ်ကာ တိတ်ဆိတ်ငြိမ်သက်သော ပတ်ဝန်းကျင်တွင် ကျန်းမာပျော်ရွှင်ရေးကုသမှုများကို ဝေက ပြုလုပ်ပေးနေသည်။ အဆိုပါ သုံးရက်ကြာ အစီအစဉ်အတွက် လာမည့်နှစ်တွင် တစ်ယောက်ကို ယွမ် ၃၀,ဝ၀ဝ ( ၄,၃၂၅ ဒေါ်လာ) ငွေပေးသွင်းကာ စုံတွဲထောင်ပေါင်းများစွာကို လက်ခံရန် စင်ကာပူလူမျိုးများက ကြိုးပမ်းထားပြီး ထိုအထဲမှ ထက်ဝက်ဝန်းကျင်မှာ တရုတ်နိုင်ငံမှ လာရောက်မည် ဖြစ်သည်ဟု တွက်ဆထားသည်။
"ခန္ဓာကိုယ်၊ အသိစိတ်နဲ့ ခံစားမှုတွေကို ဟန်ချက်ညီအောင်လုပ်ဖို့ လိုအပ်တဲ့ ဘဝနေထိုင်မှု ပြုပြင်မွမ်းမံခြင်းဆိုတဲ့ ဒီခေါင်းစဉ်အသစ်အောက်မှာ ဈေးကွက်ကြီးတစ်ခုကို ကျွန်တော်တို့ မြင်တွေ့ရတယ်" ဟု ဝေက ဆိုသည်။
ဝေသည် လွန်ခဲ့သည့် ဆယ်နှစ်ကတည်းက Dr. Love's Super Baby Making Show ကဲ့သို့ စင်ကာပူ ရုပ်သံအစီအစဉ်များ တင်ဆက်သည့် ဆရာဝန်တစ်ဦးဖြစ်သည်။ ထိုင်းနိုင်ငံရှိ မျိုးအောင်ရန် ဆောင်ရွက်ပေးသည့်လုပ်ငန်းများသည် ဖောက်သည်အသစ်ဖြစ်သည့် ကလေးတစ်ယောက်ထက်ပိုယူရန် ခွင့်ပြုထားသော တရုတ်လူမျိုး စုံတွဲများနောက်သို့ လိုက်လံဆက်သွယ်နေသည်။ ကမ်းခြေအပန်းဖြေနေရာများသို့ သွားရောက်နိုင်ပြီး သင့်တင့်လျောက်ပတ်သော ဈေးနှုန်းနှင့် အရည်အသွေးကောင်းမွန်သည့် ဆေးဝါးကုသမှုများကို ခံယူနိုင်ခြင်းကြောင့် ထိုင်းနိုင်ငံသည် ဆေးကုသမှုနှင့်ဆိုင်သော ခရီးသွားလုပ်ငန်းတွင် အာရှဒေသ၏ ထိပ်တန်းနေရာတစ်နေရာဖြစ်သည်။
ထိုင်းနိုင်ငံ၏ စီးပွားရေးလုပ်ငန်းသစ်အတွက် တရုတ်လူမျိုးခရီးသွားများကို ပစ်မှတ်ထားကာ ထိုင်းသို့ လာရောက်လည်ပတ်သည့် ခရီးသွားများအားလုံးတွင် တရုတ်လူမျိုးတို့သည် အများစုဖြစ်ကာ ခရီးသွားလုပ်ငန်းသည် ထိုင်းနိုင်ငံစီးပွားရေး၏ ပဉ္စမမြောက် ကျောထောက်နောက်ခံလုပ်ငန်းဖြစ်သည်။ တရုတ်နိုင်ငံသည် ကလေးတစ်ဦးသာယူသည့် မူဝါဒကို စွန့်လွှတ်ခဲ့ပြီးဖြစ်ရာ သက်ကြီးရွယ်အိုလူဦးရေ နှေးကွေးစေရန် မိသားစုတစ်စုတွင် ကလေးအရေအတွက်နှင့် ပတ်သက်သည့် ကန့်သတ်ချက်အားလုံးကို ဖျက်ပစ်ရန်စီစဉ်နေသည်။
"ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း လုပ်ကိုင်တဲ့လူအတော်များများက ဒီဈေးကွက်ကြီးကို အပြေးအလွှားဖော်ထုတ်နေကြပြီ" ဟု ဘန်ကောက်မြို့တွင် ဒေါ်လာ ၉၃ သန်းတန် Fertility စင်တာအား ယခုလအတွင်း ဖွင့်လှစ်ခဲ့သည့် သွန်ဘူရီ ကျန်းမာရေးစောင့်ရှောက်မှုအုပ်စုမှ ယာယီအမှုဆောင်အရာရှိချုပ် တာနာတစ်ဆူပရာဒစ်က ပြောသည်။ အဆိုပါဝန်ဆောင်မှုများကို ရှာဖွေနေသည့် တရုတ်လူမျိုး စုံတွဲများအတွက် သင့်တင့်မျှတသော ဈေးနှုန်း၊ ကောင်းမွန်သော ဝန်ဆောင်မှုနှင့်လှပသော သဘာဝပတ်ဝန်းကျင်များကြောင့် ထိုင်းနိုင်ငံသည် ထိပ်တန်းနေရာ ဖြစ်လာလိမ့်မည်ဟု ၎င်းကပြောသည်။
ဘန်ကောက် ဒူးဆစ်ဆေးဝါးကုသမှုဝန်ဆောင်မှုလုပ်ငန်းများ၏ ရှယ်ယာများသည် ဆေးဝါးကုသမှု ခရီးသွားလုပ်ငန်း၏ အကျိုးကျေးဇူးကြောင့် ယခုနှစ်တွင် ၂၀ ရာခိုင်နှုန်းခန့်တက်လာသည်။ နိုင်ငံခြားသား လူနာများထံမှရရှိသည့်ဝင်ငွေ၏ သုံးပုံတစ်ပုံနီးပါးရှိကာ မနှစ်ကထက် ၂၀၁၈ ခု ပထမနှစ်ဝက်တွင် ၁၀ ရာခိုင်နှုန်းတက်လာသည်။ တရုတ်နိုင်ငံမှ တိုးပွားလာမှုမှာ ၃၀ ရာခိုင်နှုန်းဖြစ်သည်။ မိသားစုတစ်စုတွင် ကလေးနှစ်ဦးယူရန် ခွင့်ပြုသည့် လွန်ခဲ့သည့် သုံးနှစ်က တရုတ်နိုင်ငံ၏ ဆုံးဖြတ်ချက်သည် ကလေးအရေအတွက် တိုးမြင့်လာစေရန် မပြုလုပ်နိုင်ပေ။ ကလေးမွေးဖွားမှုနှုန်းမှာ ပြီးခဲ့သည့်နှစ်က ၁၇ ဒသမ ၂ သန်းအထိ ၃ ဒသမ ၅ ရာခိုင်နှုန်း ကျဆင်းခဲ့သည်ဟု အမျိုးသားစာရင်းအင်းဌာန အရသိရှိရသည်။ ထို့ပြင် ကွာရှင်းမှုနှုန်းမှာ လက်ထပ်မှုနှုန်းထက် အရှိန်အဟုန် ပိုများနေသည်။

















