အမေရိကန်ပြည်ထောင်စုတွင် ခိုလှုံခွင့်တောင်းခံရန် ရည်ရွယ်ချက်ဖြင့် ထွက်ခွာလာသည့် ဗဟိုအမေရိကမှ ရွှေ့ပြောင်းများကို မက္ကဆီကိုအာဏာပိုင်တို့က ယာယီအလုပ်လုပ်ခွင့်ပေးရန် ကမ်းလှမ်းခဲ့သော်လည်းရွှေ့ပြောင်းများသည် ဆက်လက်ထွက်ခွာခဲ့သည်။
အမေရိကန်သို့ဦးတည်သည့် ရွှေ့ပြောင်းများ မက္ကဆီကိုကို ဖြတ်သန်းလာနေခြင်းကို သမ္မတဒေါ်နယ်ထရမ့်က ဒေါထထွက်ခဲ့ပြီး ဖြတ်သန်းမှုကိုလက်ခံသည့်နိုင်ငံကို အကူအညီဖြတ်တောက်မည်ဟု ခြိမ်းခြောက်ခဲ့သည်။
ယင်းကြောင့် မက္ကဆီကိုက ၄င်းနိုင်ငံတွင် ခိုလှုံခွင့်လျှောက်ထားပါက ယာယီအလုပ်လုပ်ခွင့်ပေးပြီး ပြည်နယ်နှစ်ခုတွင် နေရာချထားမည်ဟု ကြေညာခဲ့သည်။ သို့သော် ထောင်ချီသည့် ရွေွှ့ပြောင်းအများစုက အမေရိကန်တွင်သာ ခိုလှုံလိုကြောင်း ပြောဆိုလျက် ဆက်လက်ထွက်ခွာခဲ့သည်။
ယင်းကြောင့် ဝါဟာ့ကာပြည်နယ်အနီးတွင် အောက်တိုဘာ ၂၈ ရက် အရုဏ်တက်၌ မက္ကဆီကိုရဲများက ပိတ်ဆို့ထားခဲ့သည်။ လွန်ခဲ့သည့်နှစ်ပတ်က ဟွန်ဒူရပ်စ်မှ စတင်ထွက်ခွာခဲ့သည့် ယင်းရွှေ့ပြောင်းများကို တားဆီးရန် အမေရိကန်တပ်များစေလွှတ်မည်ဟု ခြိမ်းခြောက်ခဲ့သည်။
ရွှေ့ပြောင်းများထဲတွင် လှည့်ပြန်သူအချို့ရှိပြီး ထပ်မံ ပေါင်းဝင်လာသူများလည်း ရှိခြင်းကြောင့် ပမာဏကိုခန့်မှန်းရန် ခဲယဉ်းသည်။ ၃၅၀ဝ ခန့်ရှိနိုင်ကြောင်း ဟွန်ဒူရပ်စ်သံအမတ်က ပြောဆိုပြီး ယင်းထက်လည်း များပြားနိုင်သည်။
ယာဉ်တန်းအုပ်စုမှ လူ ၁၇၀ဝ ကျော် ခိုလှုံခွင့်တောင်းခံခဲ့ကြောင်း မက္ကဆီကိုက ပြောဆိုခဲ့သည်။ ခွဲထွက်လာသည့် ရွှေ့ပြောင်း ၁၅၀ ခန့်ကို ဂွာတီမာလာနယ်စပ်အနီးတွင် အောက်တိုဘာ ၂၇ ရက်က ထိန်းသိမ်းခဲ့ကြောင်း မက္ကဆီကိုက ပြောသည်။ ဟွန်ဒူရပ်စ်နိုင်ငံက ထွက်ခွာသွားခဲ့သည့် ၄င်းနိုင်ငံသား ၄၅၀ဝ ခန့် ပြီးခဲ့သည့်ရက်များအတွင်း နိုင်ငံသို့ပြန်လာခဲ့သည်။

















