တရုတ်နိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပလျက်ရှိသည့် ဒုတိယအကြိမ်မြောက် Asian Snooker Tour 2018 ပြိုင်ပွဲ အုပ်စုအဖွင့်ပွဲ၌ လက်ရှိအာရှယူ-၂၁စနူကာချန်ပီယံ အောင်ဖြိုးက ကမ္ဘာ့ယူ-၂၁စနူကာချန်ပီယံ တရုတ်နိုင်ငံသား ဝူရီဇီကို လေးပွဲ သုံးပွဲဖြင့် အနိုင်ရခဲ့ကြောင်း သိရသည်။
ပါဝင်ယှဉ်ပြိုင်
အဆိုပါပြိုင်ပွဲကို အိမ်ရှင်တရုတ်နိုင်ငံမှ ကစားသမား ကိုးဦး၊ အိန္ဒိယမှ ကစားသမား လေးဦး၊ ပါကစ္စတန်မှ ကစားသမားသုံးဦး၊အီရန်မှ ကစားသမား နှစ်ဦး၊ ကာတာမှ ကစားသမားနှစ်ဦး၊ အီဂျစ်၊ဟောင်ကောင်၊ မြန်မာနှင့် ထိုင်းတို့မှ ကစားသမားတစ်ဦးစီဖြင့် စုစုပေါင်းကစားသမား ၂၄ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။ ပြိုင်ပွဲကို ကစားသမားသုံးဦးစီပါသည့် အုပ်စုရှစ်ခုခွဲကာ ယှဉ်ပြိုင်စေပြီး မြန်မာကစားသမားအောင်ဖြိုးမှာ အုပ်စု(ဂ)တွင် တရုတ်မှ ဝူရီဇီ၊ အိန္ဒိယမှ ခါမေလ်ချဝါလာတို့နှင့် ကျရောက်ခဲ့သည်။
အကြိတ်အနယ်ယှဉ်ပြိုင်
အဖွင့်ပွဲစဉ်တွင် အောင်ဖြိုးသည် လက်ရှိကမ္ဘာ့ယူ-၂၁စနူကာချန်ပီယံ တရုတ်နိုင်ငံသား ဝူရီဇီနှင့် အကြိတ်အနယ်ယှဉ်ပြိုင်ခဲ့ရပြီး လေးပွဲ သုံးပွဲဖြင့် အနိုင်ရရှိခဲ့သည်။ အောင်ဖြိုးသည် အုပ်စုနောက်ဆုံးပွဲအဖြစ် အောက်တိုဘာ ၂၉ရက်(ယနေ့)တွင် World 6 Red 2018 ပြိုင်ပွဲတွင် ဒုတိယဆုရခဲ့သည့် အိန္ဒိယမှ ခါမေလ်ချဝါလာနှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။
သုံးရက်ကြာကျင်းပမည်
အဆိုပါပြိုင်ပွဲကိုု အောက်တိုဘာ ၂၈ရက်မှ ၃၁ရက်အထိ သုံးရက်ကြာကျင်းပမည်ဖြစ်ပြီး အာရှတလွှားမှ စနူကာအကျော်အမော် ကစားသမား ၂၄ဦးကိုသာ ရွေးချယ်ယှဉ်ပြိုင်စေသော ပြိုင်ပွဲဖြစ်သည်။ အောင်ဖြိုးသည် ယခုနှစ် မတ်လတွင် မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည့် အာရှယူ-၂၁စနူကာချန်ပီယံရှစ်ပြိုင်ပွဲတွင် ဗိုလ်စွဲခဲ့သည့်အတွက် ယခုပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိခဲ့ခြင်းဖြစ်သည်။















