အောက်တိုဘာ ၂၇ ရက်က ပစ္စဘတ်မြို့ ဂျူးဘုရားကျောင်းအတွင်း လူ ၁၁ ဦးသေဆုံးခဲ့သည့် သေနတ်ဖြင့် ပစ်ခတ်တိုက်ခိုက်မှုသည် ဆိုးယုတ်မှုသက်သက်ဖြစ်ကြောင်း သမ္မတဒေါ်နယ်ထရမ့်က ရှုတ်ချခဲ့သည်။ ယင်းတိုက်ခိုက်မှုသည် အမေရိကန်သမိုင်းသစ်၌ ဆီမိုက်နွယ် ဂျူးတို့အား အဆိုးရွားဆုံး ဆန့်ကျင်တိုက်ခိုက်မှုတစ်ရပ် ဖြစ်လာသည်။
တိုက်ခိုက်မှုတရားခံအဖြစ် အသက် ၄၆ နှစ်ရွယ် ရောဘတ်ဘာ့ဝါစ်အား ဖမ်းဆီးခဲ့ပြီး လူသတ်မှုကျူးလွန်ရန် သေနတ်ကိုင်ဆောင်သုံးစွဲမှုအပါအဝင် ရာဇဝတ်မှု ၂၉ မှုဖြင့် စွဲဆိုထားသည်။ အမုန်းတရားဖြင့် ပြစ်မှု ကျူးလွန်မှုဖြင့်လည်း စွဲဆိုခံရနိုင်ခြေရှိပြီး သေဒဏ်ကျခံနိုင်ရခြေရှိသည်။
ယင်းတိုက်ခိုက်မှုသည် ဆိုးယုတ်မှုဖြစ်ကြောင်း သမ္မတထရမ့်က ပြောဆိုခဲ့သော်လည်း အီလီနွိုက်စ်ပြည်နယ်တွင် လူထုစည်းဝေးပွဲပြုလုပ်ရန်ကို ဖျက်သိမ်းခဲ့ခြင်းမရှိဘဲ ပစ္စဘတ်သို့မကြာမီ လာရောက်မည်ဟု ပြောဆိုခဲ့သည်။ အမျိုးသားအဆင့် ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် အမေရိကန်အလံကို အစိုးရရုံးများတွင် အောက်တိုဘာ ၃၁ ရက်တိုင်အောင် ထက်ဝက်လွှင့်ထူရန်လည်း ညွန်ကြားခဲ့သည်။
ပင်ဆယ်ဗေးနီးယားပြည်နယ်မှ ဂျူးအများနေထိုင်ရာ ဂျူးဥပုတ်နေ့တွင် ပစ္စဘတ်ဘုရားကျောင်းတွင် ဝတ်ပြုသူများစုဝေးနေပြီး ကလေးတစ်ဦးကိုနာမည်ပေးသည့်အခမ်းအနား ကျင်းပစဉ် ဘာ့ဝါစ်သည် မောင်းပြန်ရိုင်ဖယ်တစ်လက်၊ သေနတ်တိုသုံးလက်တို့ဖြင့် ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။
ပစ်ခတ်ပြီး ဘုရားကျောင်းမှ ပြန်လည်ထွက်ခွာပြီးနောက် ရောက်ရှိလာသည့် ရဲအထူးတပ်ဖွဲ့နှင့် အပြန်အလှန်ပစ်ခတ်ရာမှ ဘာ့ဝါစ်ကို ကျည်ဆန်အများအပြား ထိမှန် ဒဏ်ရာရရှိကာ လက်နက်ချအဖမ်းခံခဲ့သည်။ ၄င်းအား လက်ရှိ ဆေးရုံတင် ကုသထားသည်။
ပစ်ခတ်စဉ် ဂျူးများအားလုံးသေရမည် ဟု ဘာ့ဝါစ်က ကြွေးကြော်ခဲ့ကြောင်း သတင်းများထွက်ပေါ်ခဲ့သည်။ ၄င်းသည် လူမှုကွန်ရက်ပေါ်တွင် ဆီမိုက်နွယ်(ဂျူး၊ အာရပ်စသည်)များအား မုန်းတီးရေးပို့စ်များ တင်ခဲ့ဖူးပြီး ပြစ်မှုကို တစ်ဦးတည်း ကျူးလွန်ခဲ့သည်ဟု ယုံကြည်ရသည်။

















