အိန္ဒိယရုပ်သံလိုင်းများကို ပါကစ္စတန်တွင် ပြသခွင့်ပိတ်ပင်သည့် ဥပဒေကို ပြန်လည်အတည်ပြုလိုက်ကြောင်း ပါကစ္စတန် တရားသူကြီးချုပ်က ကြေညာလိုက်သည်။
ပါကစ္စတန် ရုပ်သံနှင့် အက်ဖ်အမ် ရေဒီယိုများတွင် အိန္ဒိယ ရုပ်သံနှင့် ရေဒီယို အစီအစဉ်များ ထည့်သွင်းထုတ်လွွှင့်ခွင့်ကို ၂၀၁၆ ခုနှစ်က ပိတ်ပင်ခဲ့ပြီးနောက် ပြီးခဲ့သည့်နှစ်က အောက်တရားရုံးက ပြန်လည်ခွင့်ပြုပေးခဲ့ခြင်းကို ယခုအခါ တရားရုံးချုပ်က ပြန်လည်ပိတ်ပင်လိုက်ခြင်းဖြစ်သည်။
တရားရုံးချုပ်၏ အမိန့်ညွှန်ကြားချက်ကို ချက်ချင်း အသက်သွင်းသွားမည်ဟု ပါကစ္စတန် အီလက်ထရောနစ် မီဒီယာ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့က အတည်ပြုပြောကြားသည်။
အိန္ဒိယသည် ပါကစ္စတန်တွင်းသို့ စီးဆင်းသော အိန္ဒုမြစ်ပေါ်တွင် ဆည်တည်ဆောက်ကာ ပါကစ္စတန်ဘက်သို့ ရေဆင်းနည်းအောင် ဖန်တီးမှုကြောင့် အိန္ဒိယ ရုပ်သံလိုင်းများကို ပိတ်ပင်ခြင်းဖြစ်ကြောင်း တရားသူကြီးချုပ် ဆာကစ် နီဆာက ပြောသည်။
ပါကစ္စတန် စိုက်ပျိုးမြေ ၈၀ ရာခိုင်နှုန်းသည် အိန္ဒိယဘက်မှ စီးဆင်းလာသော အိန္ဒုမြစ်နှင့် မြစ်လက်တက်များမှရေကို အားကိုးနေရခြင်းဖြစ်သည်။
ယခုနှစ်ဆန်းပိုင်းတွင် အိန္ဒိယသည် ပါကစ္စတန် အနုပညာရှင်များ၏ ဖျော်ဖြေမှုများကို ပိတ်ပင်ခဲ့သလို၊ အချို့သော အိန္ဒိယ ရုပ်သံနှင့် ရေဒီယို လုပ်ငန်းများသည်လည်း ပါကစ္စတန် ရုပ်သံနှင့် ရေဒီယို အစီအစဉ်များကို ထုတ်လွှင့်မှု ရပ်ဆိုင်းခဲ့ကြသည်။ အိန္ဒိယထုတ်လုပ်သူများကလည်း ပါကစ္စတန် အကြောင်းအရာများကို ပိတ်ပင်ရန် တောင်းဆိုခဲ့ကြသလို၊ ဟိန္ဒူ မျိုးချစ်အစွန်းရောက်အချို့ကလည်း ပါကစ္စတန်အနုပညာရှင်များပါသော ရုပ်ရှင်များကို ပြသသည့် ရုပ်ရှင်ရုံများကို လူအုပ်နှင့် ဝိုင်းတိုက်ခိုက်မည်ဟု ခြိမ်းခြောက်ခဲ့သည်။
နျူကလီးယားလက်နက်ကိုယ်စီ ပိုင်ဆိုင်ထားသည့် အိန္ဒိယနှင့် ပါကစ္စတန်တို့သည် ၁၉၄၇ ခုနှစ်တွင် ဗြိတိန်ထံမှ လွတ်လပ်ရေးရပြီးနောက်ပိုင်း စစ်သုံးကြိမ်ဖြစ်ခဲ့ကြဖူးသည်။

















