ကုန်သွယ်ရေး တင်းမာမှုများ၊ ဒေသတွင်း လုံခြုံရေး စိုးရိမ်မှုများ မြင့်တက်နေချိန်တွင် ဂျပန်နှင့် အိန္ဒိယ ခေါင်းဆောင်များသည် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရန် သဘောတူခဲ့ကြသည်။
အောက်တိုဘာ ၂၇ ရက်က ဂျပန်သို့ ရောက်ရှိခဲ့သော အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာ မိုဒီသည် အောက်တိုဘာ ၂၈ တွင် ဖူဂျီတောင်အနီး အပန်းဖြေစခန်းတွင် ဂျပန်ဝန်ကြီးချုပ် ရှင်ဇို အာဘေးနှင့် တွေ့ဆုံခဲ့သည်။
ဝန်ကြီးချုပ် မိုဒီသည် အပန်းဖြေစခန်းအနီးရှိ ဂျပန် စက်ရုပ်လုပ်ငန်း Fanuc သို့လည်း သွားရောက်လေ့လာခဲ့သည်။
တရုတ်သည် ဒေသတွင်း သြဇာကြီးလာမှု၊ စစ်ရေးဖိအား ပိုမိုပေးလာမှုတို့ကို တန်ပြန်ချိန်ညှိနိုင်ရေးအတွက် အိန္ဒိယနှင့် ဂျပန်တို့ အဓိက အာရုံစိုက်လျက်ရှိသည်။ အင်ဒို-ပစိဖိတ်ဒေသတွင်း နိုင်ငံများအနေဖြင့် ကိုယ်ကျိုးစီးပွား အလွန်အကျွံကာကွယ်မှု မူဝါဒနှင့် နယ်စပ်ဖြတ်ကျော် ကုန်သွယ်ရေး တင်းမာမှုများကို လျှော့ချနိုင်ရန် ကြိုးပမ်းကြဖို့ ဝန်ကြီးချုပ် မိုဒီက တိုက်တွန်းပြောကြားသည်။
နှစ်နိုင်ငံ ပိုမိုထဲဝင်စွာ ပူးပေါင်းဆောင်ရွက်ရေး သင်္ကေတအဖြစ် အိန္ဒိယနှင့် ဂျပန်တို့သည် လာမည့်လတွင် ကြည်းတပ်များပါ ပါဝင်မည့် စစ်ရေးပူးတွဲလေ့ကျင့်မည်ဖြစ်သည်။ ဝန်ကြီးချုပ် အာဘေးသည် ပြီးခဲ့သည့် ရက်ပိုင်းကမှ တရုတ်မှ ပြန်လာခြင်းဖြစ်သည်။ နှစ်နိုင်ငံကြား အကျိုးတူ ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရန်၊ နှစ်နိုင်ငံအတွက် စိုးရိမ်စရာ ကိစ္စရပ်များကို ပူးတွဲဖြေရှင်းကြရန် တရုတ်သမ္မတ ရှီကျင်းဖျင်နှင့် သဘောတူညီချက်များ ရယူခဲ့သည်။
ဂျပန်သည် အိန္ဒိယတွင် မြန်နှုန်းမြင့်ရထားလမ်းကွန်ရက် တည်ဆောက်ရေး ကူညီပေးလျက်ရှိသလို၊ အခြားသော ရင်းနှီးမြှုပ်နှံမှုများလည်း မြှင့်တင်ရန် စီစဉ်လျက်ရှိသည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ အမျိုးသား အကျိုးစီးပွား ဦးစားပေးသည့် မူဝါဒများကြောင့် တရုတ်နှင့် ကုန်သွယ်ရေး တင်းမာမှု မြင့်တက်နေသလို၊ ဂျပန် အပါအဝင် မဟာမိတ်နိုင်ငံအများအပြားကိုပါ အမေရိကန်အပေါ် ကုန်သွယ်ရေး အသာစီးယူမှုဖြင့် စွပ်စွဲနေမှုသည် အိန္ဒိယနှင့် ဂျပန်ကို ပိုမိုပူးပေါင်းလာအောင် တွန်းအားပေးရာ ရောက်လျက်ရှိသည်။

















