တရုတ်(တိုင်ပေ)၌ လက်ထပ်ခွင့် တန်းတူညီမျှရေး တောင်းဆိုချီတက်ခဲ့ကြ

တရုတ်(တိုင်ပေ)၌ လက်ထပ်ခွင့် တန်းတူညီမျှရေး တောင်းဆိုချီတက်ခဲ့ကြ

လိင်တူစုံတွဲများအား လိင်မတူ စုံတွဲများကဲ့သို့ လက်ထပ်ခွင့်ပေးပြီး အခွင့်အရေးတန်းတူပေးရေးအတွက် ထိုင်ဝမ်( တရုတ်တိုင်ပေ) ၌ အောက်တိုဘာ ၂၇ ရက်တွင် လူထောင်ပေါင်းများစွာ ချီတက်ဆန္ဒပြခဲ့ကြသည်။

ထိုင်ဝမ်( တရုတ်တိုင်ပေ) ရှိ လိင်တူစုံတွဲများသည် တရားဝင်လက်ထပ်ခွင့်ရှိပြီး ယင်းသို့လက်ထပ်ခွင့်ပေးရေးအတွက် နှစ်နှစ်အတွင်း ဥပဒေဖြင့် အတည်ပြုပေးရန် ထိုင်ဝမ်( တရုတ်တိုင်ပေ) ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက ယမန်နှစ် မေတွင် ဆုံးဖြတ်ခဲ့သည်။ ယင်းဆုံးဖြတ်ချက်သည် အာရှဒေသတွင် ပထမဆုံး ဆုံးဖြတ်ချက်ဖြစ်သည်။

သို့သော် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ထိုင်ဝမ်( တရုတ်တိုင်ပေ) ၌ နိုဝင်ဘာ ၂၄ ရက်တွင် လိင်တူလက်ထပ်ခွင့်နှင့်ပတ်သက်၍ မဲပေးမှုများကိုပြုလုပ်ဦးမည်ဖြစ်သည်။ ထို့ပြင် လိင်တူစုံတွဲများအတွက် သီးသန့်ဥပဒေပြဌာန်းသင့်မသင့်နှင့်ပတ်သက်၍လည်း ဆွေးနွေးမှုများရှိလာခဲ့သည်။

ထိုင်ဝမ်( တရုတ်တိုင်ပေ) ခေါင်းဆောင် ဆိုင်အင်ဝမ်သည် ၂၀၁၆ ခုနှစ် ရွေးကောက်ပွဲမတိုင်မီတွင် လက်ထပ်ခွင့် တန်းတူညီမျှစွာ ရရှိစေရမည်ဖြစ်ကြောင်း ကတိပြုခဲ့သော်လည်း ယင်းကတိကို အကောင်အထည်ဖော်နိုင်ခြင်းမရှိသေးကြောင်း လိင်တူအခွင့်အရေးလှုပ်ရှားသူများက ပြောဆိုခဲ့သည်။

အောက်တိုဘာ ၂၇ ရက်တွင် ပြုလုပ်ခဲ့သည့် ၁၆ ကြိမ်မြောက် လိင်တူအခွင့်အရေးချီတက်ပွဲတွင် ပါဝင်သူများသည် အရောင်စုံဝတ်စုံများ၊ သက်တံရောင်အလံများကို ကိုင်ဆောင်ခဲ့ကြပြီး အဓိကအုပ်ချုပ်ရေးရုံးအနားတွင် စုဝေးခဲ့ကြသည်။
လိင်တူလက်ထပ်မှုများအတွက် သီးသန့်ဥပဒေပြဌာန်းခြင်းသည် ခွဲခြားဆက်ဆံခြင်းဖြစ်ကြောင်း ဆန္ဒပြသူများကပြောဆိုခဲ့သည်။ ဆန္ဒပြသူတချို့သည် ပျော်ရွှင်ဖွယ်အနာဂတ်အတွက် မဲပေးပါဟု ရေးသားထားသည့် ကတ်ပြားများကို ကိုင်ဆောင်ခဲ့ပြီး တချို့ကလည်း ခွဲခြားဆက်ဆံမှုကို ဆန့်ကျင်ကြ ဟု ကြွေးကြော်ခဲ့ကြသည်။လူ ၁၃၇၀ဝ၀ ခန့်ပါဝင်ချီတက်ခဲ့ကြကြောင်း စီစဉ်သူများကပြောဆိုခဲ့သည်။