ဟံသာဝတီယူနိုက်တက်အသင်းသည် ပြီးခဲ့သည့် ဘောလုံးရာသီက အသင်း၌ ခြေစွမ်းပြကစားပြီး နေရှင်နယ်လိဂ်ဂိုးသွင်းအများဆုံး ကစားသမားဆုရရှိခဲ့သည့် တိုက်စစ်မှူး ဂျိုးဇက်ကို စာချုပ်သစ်ချုပ်ဆိုရန် ကမ်းလှမ်းထားသော်လည်း ကာယကံရှင်ဘက်မှ အကြောင်းမပြန်သေးကြောင်း သိရသည်။
အရေးပါခဲ့
ပြီးခဲ့သည့်ရာသီက ဟံသာဝတီယူနိုက်တက်အသင်းသည် အသင်းသမိုင်းတစ်လျှောက်အမြင့်ဆုံးရပ်တည်မှုအဖြစ် နေရှင်နယ်လိဂ်တွင် အဆင့်လေးနေရာ၌ ရပ်တည်ခဲ့သလို ဗိုလ်ချုပ်အောင်ဆန်းဒိုင်းတွင်လည်း ဗိုလ်လုပွဲအထိတက်ရောက်နိုင်ခဲ့သည်။ ယင်းကဲ့သို့ အောင်မြင်မှုများရရှိခဲ့ရာတွင် တိုက်စစ်မှူး ဂျိုးဇက်၏ အခန်းကဏ္ဍမှာ အရေးပါခဲ့သည်။
လစာညှိနှိုင်းမည်
" မက်ဆာကီနဲ့ မိုက်ကယ်ကို ဒီလမကုန်ခင်အကြောင်းပြန်ဖို့ ပြောထားပေမယ့် ခုထက်ထိအကြောင်းပြန်လာခြင်းမရှိသေးပါဘူး။ ဂျိုးဇက်ကိုလည်း ဒီဇင်ဘာ၁၅ရက်အထိ စောင့်မယ်လို့ပြောထားပေမယ့် အကြောင်းမပြန်သေးပါဘူး။ အသင်းမှာ ပြန်ကစားချင်တယ်ဆိုရင် လက်ခံမယ်။ လစာညှိနှိုင်းမယ်။ သူတို့ကတော့ ပိုက်ဆံပိုလိုချင်တဲ့ သဘောမှာရှိတယ်။ ကျွန်တော်တို့ဘက်က ပေးနိုင်တဲ့လစာကို ပြောထားတယ်" ဟု အသင်းအထွေထွေမန်နေဂျာ ဦးထွန်းထွန်းလင်းက ပြောဆိုခဲ့သည်။
ဂျိုးဇက်သည် သွင်းဂိုး ၁၈ဂိုးဖြင့် နေရှင်နယ်လိဂ် ဂိုးသွင်းဘုရင်ဆုကို ရရှိခဲ့သူဖြစ်ပြီး ၂၀၁၇ခုနှစ်ဘောလုံးရာသီကလည်း နေရှင်နယ်လိဂ်-၂၌ သွင်းဂိုး ၃၀ဖြင့် ဂိုးသွင်းဘုရင်ဆုရရှိခဲ့သည်။
စာချုပ်ဖျက်သိမ်း
ထို့ပြင် ဟံသာဝတီအသင်းသည် တိုက်စစ်မှူးပြည်မိုး၏ ခြေစွမ်းကို ကြိုက်နှစ်သက်ခြင်းမရှိ၍ စာချုပ်ဖျက်သိမ်းခဲ့ကြောင်း သိရပြီး ၎င်းမတိုင်မီ နောက်ခံလူမင်းကိုသူမှာလည်း ရန်ကုန်ယူနိုက်တက်သို့ ပြောင်းရွှေ့ခဲ့သည်။ ဟံသာဝတီအသင်းသည် တရုတ်နိုင်ငံက အိမ်ရှင်အဖြစ်ကျင်းပမည့် နန်းနင်းဖိတ်ခေါ်ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်၍ အသင်း၏ လေ့ကျင့်ပြင်ဆင်မှုများကို အောက်တိုဘာ ၂၂ရက်ကတည်းက စတင်နေပြီဖြစ်သည်။















