ဝမ်းချန်ပီယံရှစ်မှ အောက်တိုဘာ ၂၆ရက်က သုဝဏ္ဏမိုးလုံလေလုံအားကစားရုံ၌ ကျင်းပခဲ့သည့် အောင်လအန်ဆန်၏ မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံခါးပတ် ကာကွယ်ပွဲတွင် ရှုံးပွဲကြုံခဲ့ရသည့် ဖိုးသော်က ပြိုင်ဘက်မလေးရှားနိုင်ငံသား ဆူဘာကို မကျေပွဲပြန်လည်ထိုးသတ်ချင်ကြောင်း ဖွင့်ဟပြောဆိုခဲ့သည်။
ချုပ်ကွက်ဖြင့် အရှုံးပေးခဲ့ရ
အဆိုပါပြိုင်ပွဲတွင် ဖိုးသော်သည် မလေးရှားနိုင်ငံသား ဆူဘာ၏ ချုပ်ကွက်ကြောင့် ပထမအချီ၌ပင် အရှုံးပေးခဲ့ရပြီး ရှုံးကြွေးပြန်ဆပ်ရန်အတွက် ယခုကတည်းက ပြင်ဆင်လေ့ကျင့်လျက်ရှိသည်။ " ပွဲပြီးတော့ သူ့ကို ကျွန်တော်စကားတစ်ခွန်းပြောခဲ့တယ်။နောက်ထပ် ဘယ်လိုအနေအထားမျိုးမှာပဲ ဖြစ်နေပါစေ မင်းနဲ့ငါထပ်ဆုံချင်သေးတယ်ဆိုပြီး ပြောခဲ့တယ်။ သူကကျွန်တော့်ထက် ပိုအခွင့်အရေးရသွားတာက ချန်ပီယံစိန်ခေါ်ဖို့အတွက် ပိုနီးစပ်သွားတယ်။ တကယ်လို့သူချန်ပီယံကို စိန်ခေါ်ခွင့်ရလို့ ခါးပတ်တွေရခဲ့ရင်တောင်မှ သူနဲ့ပြန်ဆုံနိုင်အောင်လို့ အရမ်းကြိုးစားမှဖြစ်မယ်။ ဒီရှုံးကြွေးအတွက် သူ့ကိုပဲဖြစ်စေ၊တခြား ပွဲမှာပဲဖြစ်စေ အကောင်းဆုံးပြန်ပေးဆပ်နိုင်အောင်လို့ အခုကတည်းက ပြင်ဆင်နေပါတယ်" ဟု ဖိုးသော်က ပြောဆိုခဲ့သည်။
အခွင့်အလမ်းများ
MMA ဖိုက်တာတစ်ဦးဖြစ်သည့် ဖိုးသော်သည် ဝမ်းချန်ပီယံရှစ်နှင့် ခြောက်ပွဲစာချုပ်ချုပ်ဆိုထားပြီး ထပ်မံ၍ ငါးပွဲထိုးသတ်ရန် ကျန်ရှိနေသေးသည်။ ဝမ်းချန်ပီယံရှစ်သည် လာမည့်နှစ်မတ်လတွင် ရန်ကုန်မြို့၌ ပြိုင်ပွဲတစ်ပွဲကျင်းပရန် စီစဉ်ထားကြောင်းသိရပြီး ယင်းပြိုင်ပွဲ၌ ဖိုးသော်ပါဝင်ထိုးသတ်ရန် အခွင့်အလမ်းများလျက်ရှိနေသည်။ " လာမယ့်နှစ်မတ်လမှာ ရန်ကုန်မှာပွဲလုပ်ဖို့ရှိတယ်လို့ အကြမ်းဖျဉ်းသိထားပါတယ်။ ကျွန်တော်က ဆူဘာကို အလဲထိုးနဲ့ရှုံးခဲ့တာမဟုတ်တဲ့အတွက် အနီးစပ်ဆုံးပွဲတစ်ပွဲမှာ ပြန်ပါလာမယ်လို့ထင်ပါတယ်" ဟု ဖိုးသော်က ပြောဆိုသည်။
မတ်လတွင်ကျင်းပမည့် ပြိုင်ပွဲတွင် မစ်ဒယ်ဝိတ်တန်းလက်ရှိချန်ပီယံ အောင်လအန်ဆန် ပါမည်၊မပါမည်ကို မသိရှိရသေးဘဲ အောင်လအန်ဆန်၏ နိုင်ပွဲအတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်းလည်း ဖိုးသော်က ပြောဆိုခဲ့သည်။















