ကော့ကရိတ် - မြဝတီ အာရှလမ်းမတွင် ခရီးသည်တင်ယာဉ်ကဝင်တိုက်၍ ခြောက်ဘီးကုန်တင်ယာဉ်တိမ်းမှောက်

ကော့ကရိတ် - မြဝတီ အာရှလမ်းမတွင် ခရီးသည်တင်ယာဉ်ကဝင်တိုက်၍ ခြောက်ဘီးကုန်တင်ယာဉ်တိမ်းမှောက်

ကော့ကရိတ်-မြဝတီ အာရှလမ်းမ ကွမ်းခြံကုန်းအောက်ကွေ့တွင် ခရီးသည်တင်မှန်လုံယာဉ်အရှိန်လွန်ပြီးရှေ့မှသွားနေသည့် ခြောက်ဘီးကုန်တင်ယာဉ်ကို ဝင်တိုက်ခဲ့သောကြောင့် ခြောက်ဘီးကုန်တင်ယာဉ်လမ်းဘေးထိုးကျတိမ်းမှောက်ခဲ့သည်။

ဖြစ်စဉ်မှာ အောက်တိုဘာ ၂၈ ရက် ညနေ ၃ နာရီခွဲခန့်တွင် ကော့ကရိတ်-မြဝတီ အာရှလမ်းမ မိုင်တိုင်အမှတ် ၁၅၉ ကွမ်းခြံကုန်းအောက်ကွေ့တွင် ကော့ကရိတ်ဘက်မှမြဝတီဘက်သို့ မောင်းနှင်လာသည့် 5K/ ------- Nissan Diesel အဖြူရောင် ၆ ဘီးယာဉ် (ကုန်မပါ)ကို ယာဉ်ကြောတစ်လမ်းတည်း ကော့ကရိတ်ဘက်မှမြဝတီဘက်သို့မောင်းနှင်လာသည့် ခရီးသည် ၂၆ ဦးတင်ဆောင်သော 9D/---------- ရွှေသလ္လာခရီးသည်တင်မှန်လုံယာဉ်က အရှိန်ဖြင့်ဝင်တိုက်မိခြင်းဖြစ်သည်။

ခြောက်ဘီးကုန်တင်ယာဉ်မှာ လမ်းဘေးသို့ထိုးကျတိမ်းမှောက်ခဲ့ပြီး မှန်လုံယာဉ်မှာ ရှေ့ခေါင်းခန်းမှန်ပျက်စီး၍မှန်လုံယာဉ်မောင်းတွင်ဝဲဘက်ခြေခုံပေါက်ပြဲဒဏ်ရာရရှိခဲ့ကာ ကျန်ခရီးသည်များ ဒဏ်ရာရခြင်းမရှိပေ။

ယာဉ်တိုက်မှုကြောင့် အာရှလမ်းမကြီးတွင် ယာဉ်ကြောများပိတ်ဆို့ပြီး အမြန်ရှင်းလင်းနိုင်ရန် မြဝတီခရိုင်ရဲတပ်ဖွဲ့မှူးနှင့်ရဲတပ်ဖွဲ့ဝင်များက ရှင်းလင်းဆောင်ရွက်ခဲ့ရသည်။

ယာဉ်တိုက်မှုဖြစ်စဉ်နှင့်ပတ်သက်၍သင်္ဃန်းညီနောင်နယ်မြေရဲစခန်းက မှန်လုံယာဉ်မောင်းဦးဆေး ၅၆ နှစ်ကို ယာဉ် (ပ)၂၇/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၂၇၉/၃၃၇/၃၃၈ ဖြင့် အမှုဖွင့်အရေးယူထားသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး