သိမ်းဆည်းထားသော ယာမြေများပြန်လည်ရရှိရေးအတွက် အောက်တိုဘာ၂၉ရက် နံနက်ပိုင်း၌ ခင်ဦးနှင့်တန့်ဆည်မြို့နယ်တောင်သူများက စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးစိုက်ရာ မုံရွာမြို့သို့ လမ်းလျှောက်ဆန္ဒဖော်ထုတ်ခဲ့ကြသည်။
အမှတ်(၁)စက်မှုဝန်ကြီးဌာနက ယာမြေများကို ဥပဒေမဲ့သိမ်းဆည်း၍ ရောင်းစားထားသည့်စီမံကိန်းမြေများအား မူလတောင်သူလက်ဝယ်ပြန်လည်စွန့်လွှတ်အပ်နှံရေးအတွက်ဟုဆိုကာ ဆန္ဒဖော်ထုတ်ခဲ့ကြခြင်းဖြစ်သည်။
``စစ်ကိုင်းတိုင်းအစိုးရရဲ့ကိုင်တွယ်မှုဟာလွဲမှားလိုအပ်နေပါတယ်။တိုင်းလွှတ်တော် ကိုယ်စားလှယ်အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စတဲ့ပြည်သူတွေတင်မြှောက်ထားတဲ့ကိုယ်စားလှယ်တွေအလုပ်မလုပ်ကြလို့အခုလို အလုပ်သမားလမ်းပေါ်တက်နေရတာပါ။နိုင်ငံတော်သမ္မတဦးဝင်းမြင့်က တိုက်ရိုက်ပြော ထားတာရှိသလို နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကလည်းလယ် ယာမြေပြဿနာတွေမြန်မာနိုင်ငံပြည်နယ်နဲ့တိုင်းဝန်ကြီးချုပ်တွေအနေနဲ့ရှင်းပေးဖို့နဲ့ ရှင်းတဲ့နေရာမှာအောက်ခြေမြေစစ်တွေမမှန်ကန်လို့လယ်သမားတွေလမ်းပေါ်တက်နေရတာပါ။ဒါတွေဟာတိုင်းဝန်ကြီးချုပ်မှာတာဝန်အများကြီးရှိပါတယ် ´´ဟု ခင်ဦးမြို့နယ်မုံတောမြောက်ရွာနေ ဦးတင်အုန်းကျော်က ပြောသည်။
ခင်ဦးမြို့နယ်မုံတောမြောက်ရွာနှင့်တန့်ဆည်မြို့နယ်အက်တောကျေးရွာယာမြေများ ကိုအမှတ်(၁)စက်မှုဝန်ကြီးဌာနကသိမ်းဆည်းကာ မြန့်မာစီးပွားရေးဦးပိုင်လီမိတက်သို့ အပြီးအပိုင်လွှဲပြောင်းရောင်းချခဲ့သောကြောင့် မူလတောင်သူများလက်ဝယ်သို့ပြန်လည်စွန့်လွှတ်အပ်နှံရေးအတွက် မုံတောနှင့်အက်တောရွာတောင်သူများစုပေါင်းဆန္ဒပြကြခြင်းဖြစ်သည်။ ``ဒေသခံမူလတောင်သူတွေဟာမိမိတို့လယ်ယာမြေမှာပြန်လည်လုပ်ပိုင်ခွင့်ရရှိရေး ကိုနည်းလမ်းအမျိုးမျိုးနဲ့အကြိမ်ကြိမ်တင်ပြတောင်းခံခဲ့တယ်။ဒါကိုစစ်ကိုင်းတိုင်းဒေသ ကြီးအစိုးရမြေပြန်စစ်အဖွဲ့ကပြန်လည်ပေးအပ်နိုင်ခြင်းမရှိပါဘူးဆိုပြီးလွှဲချနေကြတဲ့ အတွက်မုံရွာမြို့တော်ခန်းမရှေ့မှာ ချီတက်ဆန္ဒပြကြတာဖြစ်ပါတယ်။´´ဟု တန့်ဆည် မြို့နယ်အက်တောရွာနေ ဦးခင်မောင်ထွန်းက ပြောသည်။
ဆန္ဒပြတောင်သူလယ်သမားများသည် မုံရွာမြို့ သာစည်လမ်းမီးပွိုင့်အနီးတွင် စုရပ်ပြု လုပ်ကာ ပြည်ထောင်စုလမ်းမှဘူတာလမ်းအတိုင်းလမ်းလျှောက်ဆန္ဒပြကြသည်။
ထို့နောက် မြို့တော်ခန်းမရှေ့တွင် ခေတ္တရပ်၍ ခန်းမအတွင်းရှိသော ဝန်ကြီးချုပ်သိရှိဆောင်ရွက်ပေးရန်အော်ဟစ်ဆန္ဒပြတောင်းဆိုခဲ့ကြသည်။ ထို့နောက်ဗိုလ်ချုပ်လမ်းအတိုင်းကန်သာယာပန်းခြံအထိ ငြိမ်းချမ်းစွာစုဝေးလမ်းလျှောက်ဆန္ဒပြကြသည်။
















