မော်စကို-အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်က အမေရိကန်ပြည်ထောင်စုသည် ၁၉၈၇ ခုနှစ် နျူကလီးယား လက်နက်များဆိုင်ရာ သဘောတူစာချုပ်က နုတ်ထွက်ရန် ရည်ရွယ်ထားကြောင်း ကြေညာပြီးနောက်နှစ်ရက်မပြည့်မီ အချိန်မှာပင် ၎င်း၏ အမျိုးသား လုံခြုံရေးအကြံပေးအရာရှိ ဂျွန်ဘိုလ်တန်သည် ရုရှား ထိပ်တန်း အရာရှိများနှင့် အောက်တိုဘာ ၂၂ ရက်က မော်စကိုမြို့တွင် တွေ့ဆုံဆွေးနွေးခဲ့သည်။
ဂျွန်ဘိုလ်တန်သည် ရုရှားနိုင်ငံလုံခြုံရေး ကောင်စီဥက္ကဋ္ဌ နီကိုလိုင် ပါထရူးရှက်ဗ်နှင့် လက်နက်ထိမ်းချုပ်ရေး သဘောတူညီချက်၊ ဆီးရီးယား၊ အီရန်၊ မြောက်ကိုရီးယားအရေး များနှင့် အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေး ကိစ္စများကို ဆွေးနွေးခဲ့ကြသည်ဟု ရုရှား လုံခြုံရေးကောင်စီ ကြေညာချက်အရ သိရသည်။
ဆွေးနွေးပွဲတွင် ပါထရူးရှက်ဗ်သည် INF ခေါ် တာလတ်ပစ် နျူကလီးယားလက်နက် တက်ဖွဲ့များဆိုင်ရာ သဘောတူညီချက်ကို ဆက်လက်ထိန်းသိမ်းထားရန် အရေးကြီးကြောင်း အလေးထားပြောကြားခဲ့ကြောင်း ရုရှား သတင်းဌာနများက ဖော်ပြသည့် လုံခြုံရေးကောင်စီ ကြေညာချက်က ဆိုသည်။
အမေရိကန်သမ္မတ ထရမ့်က ရုရှားသည် အဆိုပါ သဘောတူညီချက်တွင် အမေရိကန်နှင့် ရုရှားတို့သည် ကီလိုမီတာ ၅၀ဝ မှ ၅,၅၀ဝ အတွင်း (မိုင် ၃၀ဝ မှ ၃,၄၀ဝ) ပစ်မှတ်များကို ပစ်ခတ်နိုင်သည့် နျူကလီးယားလက်နက်နှင့် တိုက်ချင်းပစ် ဒုံးကျည်များကို စမ်းသပ်ပျံသန်းခြင်းများ၊ တပ်ဆင်ခြင်းများ၊ ထုတ်လုပ်ခြင်းများ မပြုလုပ်ရဆိုသည့် တားမြစ်ချက်ကို ချိုးဖောက်ခဲ့သည်ဆို၏။
မစ္စတာ ထရမ့်က အောက်တိုဘာ ၂၀ ရက်တွင် သတိပေးပြောကြားရာ၌ ရုရှားနှင့် တရုတ်တို့သည် အဆိုပါ လက်နက်များကို ပိုင်ဆိုင်ရန်၊ သို့မဟုတ် ထုတ်လုပ်ရန် သဘော တူညီမှုမရှိခဲ့လျှင် အမေရိကန်ပြည်ထောင်စု က ၎င်းလက်နက်များကို စတင်ထုတ်လုပ် ရလိမ့်မည်ဟု ဆိုသည်။ တရုတ်နိုင်ငံသည် ၁၉၈၇ ခုနှစ် အမေရိကန်သမ္မတ ရော်နယ် ရေဂင်နှင့် ဆိုဗီယက်ခေါင်းဆောင် မီခေးလ် ဂေါ်ဘာချော့ဗ်တို့ လက်မှတ်ရေးထိုးခဲ့သည့် INF သဘောတူစာချုပ်တွင် ပါဝင်လက်မှတ် ရေးထိုးခဲ့ခြင်း မရှိပေ။ မော်စကိုမြို့တွင် အမျိုးသားလုံခြုံရေး အကြံပေးအရာရှိ ဘိုလ်တန်က ရုရှား စီးပွားရေးသတင်းစာ ကွန်မာဆန့်နှင့် တွေ့ဆုံ မေးမြန်းခန်းတွင် အမေရိကန်နိုင်ငံသည် အဆိုပါစာချုပ်ကို ရုရှားက ချိုးဖောက်မှုနှင့် တရုတ်ပြည်၏ တာလတ်ပစ် ဒုံးကျည်စွမ်းရည် နှစ်မျိုးစလုံးနှင့် စပ်လျဉ်း၍ စိုးရိမ်မကင်း ဖြစ်ခဲ့သည်။
အောက်တိုဘာ ၂၂ ရက် ဘိုလ်တန်နှင့် ဆွေးနွေးရာတွင် ပါထရူးရှက်ဗ်က စာချုပ်အကောင်အထည်ဖော်ရေး မပြေလည်သည့်ကိစ္စများကို ပူးတွဲဖြေရှင်းရန် ရုရှားနိုင်ငံက အဆင်သင့်ရှိကြောင်း အတည်ပြုပြောကြားခဲ့သည်။


















