ခါရှော့ဂျီ အသတ်ခံရမှု အာဒိုဂန် အသေးစိတ် ဖော်ထုတ်မည်

ခါရှော့ဂျီ အသတ်ခံရမှု အာဒိုဂန် အသေးစိတ် ဖော်ထုတ်မည်

အန်ကာရာ  (တူရကီ)-ဆော်ဒီစာရေးဆရာ ဂျာမား ခါရှော့ဂျီ အသတ်ခံရမှုနှင့် စပ်လျဉ်း၍ တူရကီနိုင်ငံ၏ စုံစမ်းစစ်ဆေးမှုများကို အောက်တိုဘာ ၂၃ ရက်တွင် တူရကီသမ္မတ အာဒိုဂန်က အသေးစိတ် ကြေညာဖွယ်ရှိသည်။

အာဒိုဂန်က ပြောကြားရာတွင် တစ်ကမ္ဘာလုံးက ချောက်ချားသွားပြီး အောက်တိုဘာ ၂ ရက်တွင် အစ္စတန်ဘူလ်မြို့ ကောင်စစ်ဝန်ရုံးအတွင်းသို့ ခါရှော့ဂျီ ဝင်ရောက်သွားပြီးနောက် အသတ်ခံရခြင်းကို ဆော်ဒီ သုတ်သင်ရှင်းလင်းရေးအဖွဲ့က စနစ်တကျစီစဉ်ခဲ့သည်ဆိုသော သံသယများ တိုးလာခြင်းနှင့်စပ်လျဉ်း၍ အသေးစိတ်တင်ပြမည်ဟု ဆိုသည်။

ဆော်ဒီနိုင်ငံခြားရေးဝန်ကြီး အဒဲလ် အယ်လ် ဂျူဘီးယားက အင်ဒိုနီးရှားနိုင်ငံတွင် အောက်တိုဘာ ၂၃ ရက်ကပြောကြားရာ၌ ခါရှော့ဂျီ အသတ်ခံရမှုကို စုံစမ်းစစ်ဆေးမှုများက အဖြစ်မှန်ကို ပေါ်ပေါက်စေမည်ဖြစ်ကြောင်းနှင့် သူ၏နိုင်ငံကလည်း စုံစမ်းမှု များသည် အသေးစိတ်နှင့် ပြည့်ပြည့်စုံစုံရှိကာ အမှန်တရားကို ထုတ်ဖော်ပေးပြီး တာဝန်ရှိသူများကိုပါ ဖော်ထုတ်နိုင်မည်ဟုဆိုသည်။ တူရကီနိုင်ငံခြားရေးဝန်ကြီးကလည်း ဆော်ဒီ စာရေးဆရာ ခါရှော့ဂျီ သတ်ဖြတ်ခံရမှုကို သီးခြားလွတ်လပ်သော စုံစမ်းမှုတစ်ရပ် စတင်ဆောင်ရွက်မည်ဆိုလျှင် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့် သူ့နိုင်ငံက ပူးပေါင်းဆောင်ရွက်မည်ဟု ဆိုသည်။ တူရကီနိုင်ငံပိုင် အနာဒိုရူးသတင်းဌာနနှင့် တွေ့ဆုံမေးမြန်းခန်းတွင် နိုင်ငံခြားရေးဝန်ကြီး မက်ဘ်လာ့ဘ် ကာဘူးဆိုဂလူးက အောက်တိုဘာ ၂၃ ရက်တွင် ပြောကြားရာ၌ ဆော်ဒီကောင်စစ်ဝန်ရုံးအတွင်း ခါရှော့ဂျီ အသတ်ခံရမှုနှင့်စပ်လျဉ်းသည့် အထောက်အထားများကို မည်သည့်နိုင်ငံသို့မျှ မျှဝေမည် မဟုတ်ကြောင်း၊ သို့သော် ထောက်လှမ်းရေးအဖွဲ့အစည်းအချင်းချင်း အမြင်ချင်းဖလှယ် မှုများရှိနိုင်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

တင်စိန် ဘာသာပြန်သည်။