၁၈၉ ဦးပါ အင်ဒိုနီးရှား လိုင်းယန်းလေကြောင်းပိုင် လေယာဉ်သစ် ဂျကာတာမှပျံတက်ပြီးမကြာမီ ပင်လယ်ထဲပျက်ကျ

၁၈၉ ဦးပါ အင်ဒိုနီးရှား လိုင်းယန်းလေကြောင်းပိုင် လေယာဉ်သစ် ဂျကာတာမှပျံတက်ပြီးမကြာမီ ပင်လယ်ထဲပျက်ကျ

လူ ၁၈၉ ဦး လိုက်ပါလာသည့် အင်ဒိုနီးရှားမှ လိုင်းယန်းလေကြောင်းပိုင် ဘိုးအင်း ၇၃၇ မက်စ် ၈ အသစ်စက်စက် ခရီးသည်တင်လေယာဉ်တစ်စင်းသည် မြို့တော်ဂျာကာတာလေဆိပ်မှ ပျံတက်ပြီးမကြာမီ ပင်လယ်ထဲ ပျက်ကျသွားခဲ့သည်။

အောက်တိုဘာ ၂၉ ရက် နံနက် ၆ နာရီ မိနစ် ၂၀ တွင် ခရီးစဉ် ဂျေတီ ၆၁၀ အဖြစ် ပန်ကဲလ် ပီနန်ရှိ ဒီပါတီအမီယာလေဆိပ်သို့ တစ်နာရီခရီး ပျံသန်းရန်ထွက်ခွာခဲ့ခြင်းဖြစ်ပြီး ပျံတက်ပြီး ၁၃ မိနစ်အကြာ၌ လေကြောင်းထိန်းနှင့်အဆက်ပြတ်သွားခဲ့ကာ လေယာဉ်သည် ရေအောက်ရောက်သွားကြောင်း  ယူဆရသည်။ အသက်ရှင်ကျန်ရစ်သူ ရှိမရှိ မသဲကွဲသေးပေ။

လေယာဉ်ပျက်သည် ရေအောက်မီတာ ၃၀ မှ ၄၀ သို့ ရောက်ရှိသွားကြောင်း၊ ရှာဖွေကယ်ဆယ်ရေးဆောင်ရွက်ဆဲ ဖြစ်ကြောင်း ကယ်ဆယ်ရေးအေဂျင်စီပြောခွင့်ရသူက ပြောဆိုခဲ့သည်။ ဂျာကာတာရှိ ဆိုကာနို ဟာ့တားလေဆိပ်မှ ပျံတက်ခဲ့ပြီးနောက် လေယာဉ်မှူးသည် လေဆိပ်သို့ပြန်လှည့်ခွင့်တောင်းခံခဲ့ကြောင်း အင်ဒိုနီးရှားအာဏာပိုင်တို့က ပြောဆိုခဲ့သည်။

လေယာဉ်မှူးနှင့် တွဲဘက်လေယာဉ်မှူးသည် ပျံသန်းချိန်နာရီ ၁၁၀ဝ၀ ကျော် ရှိအတွေ့အကြုံ ရင့်ကျက်သူများ ဖြစ်ကြကြောင်း လိုင်းယန်းလေကြောင်းက ထုတ်ပြန်သည်။ ခြွေတာရေးလေကြောင်းလိုင်းတစ်ခုဖြစ်သည့် ယင်းလေကြောင်းက ပျက်ကျခဲ့သည့်လေယာဉ်မှာ ၂၀၁၈ ခုနှစ်ထုတ်ဖြစ်ပြီး ယခုနှစ်သြဂုတ် ၁၅ ရက်ကမှ စတင် သုံးစွဲခဲ့ခြင်းဖြစ်သည်။

လေယာဉ်ပေါ်တွင် အင်ဒိုနီးရှားဘဏ္ဍာရေးဝန်ကြီးဌာနမှ ဝန်ထမ်း ၂၀ ခန့်လည်း ပါဝင်သွားသည်။ ယင်းလေယာဉ်မျိုးတွင် ခရီးသည် ၂၁၀ အထိ လိုက်ပါနိုင်ပြီး ဘိုးအင်းကုမ္ပဏီက လေယာဉ်ပေါ်ပါသွားသူများအတွက် ဝမ်းနည်းစာနာကြောင်း ထုတ်ပြန်ခဲ့ပြီး လေယာဉ်ပျက်ကျမှုစုံစမ်းစစ်ဆေးရေးအတွက် နည်းပညာအကူအညီပေးရန် အသင့်ရှိကြောင်းလည်း ပြောဆိုခဲ့သည်။