ချင်းပြည်နယ် ဟားခါးမြို့ရှိ အစိုးရမြေပေါ်တွင် ကျောင်းအာဏာပိုင်များဘက်မှ ကျောင်းအဆောက် အအုံ ဆောက်လုပ်လိုခြင်းနှင့် ပြည်နယ်အစိုးရဘက်မှ တရားလွှတ်တော်ရုံးဆောက်လုပ်လိုခြင်းအပေါ် မြေယာအငြင်းပွားမှု ဖြစ်ပေါ်ခဲ့ပြီးနောက် ညှိနှိုင်းဆွေးနွေးခြင်းဖြင့် ပြေလည်မှုရရှိသွားပြီဖြစ်ကြောင်း ချင်းပြည်နယ်အစိုးရအဖွဲ့က အတည်ပြုခဲ့သည်။
“ အခုကတော့ အငြင်းမပွားဘဲနဲ့ကျွန်တော်တို့သဘောတူညီချက်ရရှိပြီး ကျောင်းဆောင်သစ်ဆောက် လုပ်ဖို့ ကိုလည်း ကျွန်တော်တို့မြေနေရာရွေးချယ်လို့ အဆင်ပြေသွားပါပြီ” ဟု ချင်းပြည်နယ်အစိုးရအဖွဲ့၏ပြော ရေးဆိုခွင့်ရှိသူ စည်ပင်သာယာရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီးဌာန ဝန်ကြီး ဦးစိုးထက်က ပြောသည်။
ယခင်က ဟားခါးမြို့အစိုးရစက်မှုလက်မှုသိပ္ပံ (GTI)ကျောင်း၏မြေနေရာကို ၃၅ ဒသမ ၄၃ ဧကသတ်မှတ်၍ နိုင်ငံတော်က မြေငှားရမ်းခွင့်ပြုခဲ့သည်။
ထိုသို့ခွင့်ပြုသည့် မြေဧရိယာဧကပေါ်တွင် မည်သည့်ပြဿနာမျှမရှိခဲ့ကြောင်း၊ ယခုကျောင်းနှင့် ပြည်နယ်အစိုးရအငြင်းပွားရသည့်မြေပြဿနာမှာ ကျောင်းအနေဖြင့် ဘွဲ့နှင်းသဘင် ခန်းမဆောက်လုပ်ရန် ယခင်က ရဟတ်ယာဉ်ဆင်းသည့်ကွင်းကို တောင်းဆိုခဲ့ရာ ယခင် အစိုးရက ပညာရေးကို အားပေးသည့်အနေဖြင့် ဘွဲ့နှင်းသဘင်ခန်းမဆောက်လုပ်ရန်အတွက် မြေလျာထားသတ်မှတ်ပေးခဲ့ကြောင်း အတည်ပြုခဲ့သည်။
သို့သော် ထိုမြေဧရိယာစုစုပေါင်းမှာ ၃ ဒသမ ၅၁ ဧကသာရှိခဲ့သည်။ထိုမြေ ဧရိယာထဲမှ ချင်းပြည်နယ်တရားလွှတ်တော်ရုံး ဆောက်လုပ်ရန် သုည ဒသမ ၇၂၂ ဧက၊ ဗိုလ်ချုပ်ကြေးရုပ် ပန်းခြံတည်ဆောက်ရန် သုည ဒသမ ၁၈၃ ဧက၊ ကျောင်းအတွက် ၂ ဒသမ ၆၀၅ ဧကအသီးသီးခွဲဝေ သတ် မှတ်လျာထားခဲ့ပြီး မြေငှားရမ်းခွင့် ပုံစံ- ၁၀၅၊ ၁၀၆ ရေးဆွဲခွင့်ပြုထားခြင်းဖြစ်သည်။
“ နောက်ဆုံး ချင်းပြည်နယ်တရားလွှတ်တော်ရုံးဆောက်ဖို့အဆောက်အအုံဒီဇိုင်းက သုံးထပ်ဖြစ်ပြီးတော့မှ သူ့ရဲ့ဒီဇိုင်းကလည်း အသစ်ဖြစ်တဲ့အတွက် မြေနေရာနည်းနည်းလိုအပ်ချက်ရှိတာမို့ ဗိုလ်ချုပ်ကြေး ရုပ်လုပ်မယ့် သုည ဒသမ ၁၈၃ ဧကကို ကျောင်းအုပ်ကြီးနဲ့ ပြန်ညှိနှိုင်းတဲ့အချိန်မှာ အလုပ်ရုံဆောက်ရမယ့် ပေ ၁၅၀ အကျယ်အဝန်းကို ပေ ၄၀ x ပေ ၂၀ဝ ထဲကနေပြီးတော့ ၂၅ ပေ x ပေ ၄၀ ရရင် အဆေင်ပြေပါပြီဆိုပြီး နောက်ဆုံးညှိနှိုင်းကြတဲ့အချိန်မှာ အဲဒီအတွက် တရားလွှတ်တော်ရုံးဆောက်ဖို့မြေနေရာကိုပေါင်းပြီးတော့ သုည ဒသမ ၇၂၂ အစား သုည ဒသမ ၈၇၇ နဲ့ တည်ဆောက်ဖို့ ကျွန်တော်တို့စီစဉ်ဆောင်ရွက်တာဖြစ်ပါတယ်” ဟု ဝန်ကြီးဦးစိုးထက်က ပြောသည်။
ချင်းပြည်နယ်တရားလွှတ်တော်ရုံးဆောက်လုပ်ရန် မြေဧရိယာအနည်းငယ်လိုအပ်သည့်အတွက် ပြည်နယ် အစိုးရက ကျောင်းအာဏာပိုင်နှင့် ညှိနှိုင်းဆွေးနွေးနေစဉ် ကျောင်းသားအချို့က ကန့်ကွက်ထုတ်ဖော်ခြင်းများလည်း ပြုလုပ်ခဲ့ကြသည်။ ထိုသို့ကျောင်းသားများကန့်ကွက်ခြင်းများဖြစ်ပေါ်ခဲ့သောကြောင့် အဆိုပါမြေပေါ်တွင် ပြည်နယ်တရား လွှတ်တော်ရုံးတည်ဆောက်နိုင်ရန်အတွက် ပြည်ထောင်စုအဆင့်မှ ညွှန်ကြားရေးမှူးချုပ်နှင့် ညွှန်ကြားရေးမှူးတို့လာရောက်ညှိနှိုင်းဖြေရှင်းပေးခဲ့ပြီးနောက် ပြေလည်မှုရရှိခဲ့သည်။
















