ပြည်သူများအနေဖြင့် မိုးနှောင်းကာလတွင် ဖြစ်ပေါ်နိုင်သည့် မုန်တိုင်းဘေး အန္တရာယ်၊လေပြင်းဘေးအန္တရာယ်များကို အထူးသတိပြုနေထိုင်ကြပါရန်နှင့် နေအိမ်အဆောက်အဦ များနှင့်စပ်လျဉ်း၍ အလေးထားလိုက်နာ ဆောင်ရွက်နိုင်ပါရန် လူမှုဝန်ထမ်း ၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက သတိပေးနှိုးဆော်ထားသည်။
မိမိတို့နေအိမ်အဆောက်အဦများ၏ ကြံ့ခိုင်မှုကိုစစ်ဆေးရန် ၊ အိမ်အမိုးများကို ခိုင်ခံ့အောင်ပြန်လည်စစ်ဆေးပြင်ဆင်ရန် ၊ ခေါင်ချုပ်ကန့်လန့်ဖြတ်တန်းများ၊ ရေပြင်ညီ ချုပ်တန်းများထည့်ရန် ၊ သွပ်အမိုးဖြစ်ပါက အစွန်ကျသောနေရာများတွင် သွပ်သံစိပ်စိပ်ရိုက်ရန် ၊ ဓနိ/သက်ကယ်အမိုးဖြစ်ပါက ဝါးရာဇမတ်ကွက် ကြက်နင်းဖြင့် ခိုင်ခံ့စွာ အုပ်ရန် ၊ သွပ်နန်းကြိုးဖြင့် ခိုင်မြဲစွာချည်နှောင်ရန် ၊ လေဒဏ်ခံနိုင်စေရေးအတွက် ကန့်လန့်ဖြတ်ဘေးထောက်တန်းများ၊ နံရံထောက်တန်းများ၊ ဒေါက်တိုင်များကို လိုအပ်သည့်နေရာများတွင် ကျားကန်တပ်ဆင်ရန် သတိပေးနှိုးဆော်ထားသည်။
အလားတူ မြေဝင်အိမ်တိုင်များအား ချောင်၍လှုပ်နေခြင်းရှိ/မရှိစစ်ဆေးပြီး လိုအပ်လျှင် တိုင်ဖိနပ်ပတ်လည်တွင် မြေဖို့၍ သိပ်သည်းကျစ်လစ်အောင် မြေကြပ်ပေးရန် ၊ အိမ်၏ အတွဲအဆက်ပြုထားသည့်နေရာအားလုံးကို ချောင်ထွက်မနေအောင် လိုအပ်သလို ဆောင်ရွက်ရန် ၊ အိမ်အကာအရံများ၊ တံခါးများ၊ ပြူတင်းပေါက်များအား ပိုမိုခိုင်ခံ့စေရန်သွပ်နန်းကြိုးများအသုံးပြု၍ချည်နှောင်ခြင်း၊ လိုအပ်သော နေရာတွင် သံများထပ်မံထပ်ပိုးရိုက်ခြင်း ဆောင်ရွက်ရန် ၊ ချို့ယွင်းနေသော အစိတ်အပိုင်းများကို ပြုပြင်အစားထိုးရန် နှင့် အိမ်အနီးရှိကျိုးကျနိုင်သော သစ်ပင်၊ သစ်ကိုင်းများကို ခုတ်ထွင်ရှင်းလင်း ထားရန် တို့ကို ဝန်ကြီးဌာနက သတိပေးထားသည်။
အောက်တိုဘာ ၂၀ ရက်က ဖြစ်ပေါ်ခဲ့သော အပူပိုင်းမုန်တိုင်းအရှိန်ကြောင့် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ဘီးလင်းမြို့နယ်နှင့် သထုံမြို့နယ်တို့တွင် နေအိမ်(၅၀)ကျော် ထိခိုက်ပျက်စီးခဲ့သဖြင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးက ဆန်ရိက္ခာနှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ ကျပ် ၄ ဒသမ ၇၆ သန်း ထောက်ပံပေးခဲ့ကြောင်း လူမှုဝန်ထမ်း ၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက ထုတ်ပြန်သည်။
ယင်းအပြင် ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ လှိုင်းဘွဲ့မြို့နယ်နှင့် ကော့ကရိတ်မြို့နယ်တို့တွင်လည်း နေအိမ်(၆၀)ခန့် ထိခိုက်ပျက်စီးခဲ့သဖြင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ အိမ်ဆောက်ပစ္စည်းဖိုးငွေ ကျပ် ၄ ဒသမ ၅၄ သန်းကိုလည်း ထောက်ပံ့ပေးခဲ့သည်။
















