ဘရာဇီးသမ္မတသစ်အဖြစ် လက်ယာစွန်းဝါဒီ ဘော်ဆွန်နရို ရွေးချယ်ခံရ

ဘရာဇီးသမ္မတသစ်အဖြစ် လက်ယာစွန်းဝါဒီ ဘော်ဆွန်နရို ရွေးချယ်ခံရ

ဘရာဇီးနိုင်ငံ၏ သမ္မတရွေးကောက်ပွဲတွင် လက်ယာစွန်းဝါဒီတစ်ဦးဖြစ်သူ ဂျယားဘော်ဆွန်နရိုသည် ပြိုင်ဘက် လက်ဝဲစွန်း အလုပ်သမားပါတီမှ ဖာနန်ဒိုဟက်ဒက်ထက် မဲသာလွန်ရရှိကာ သမ္မတအဖြစ် ရွေးချယ်ခံလိုက်ရပြီဖြစ်ရာ လူမှုအခွင့်အရေးများ နောက်ပြန်ဆုတ်တော့မည်ကို လူမှုအဖွဲ့အစည်းများက စိုးရိမ်ပူပန်နေသည်။ 

မဲရေတွက်မှု ပြီးစီးလုနီးအချိန်တွင် ဘော်ဆွန်နရိုက ၅၅ ရာခိုင်နှုန်း ရရှိထားပြီး ဟက်ဒက်က ၄၅ ရာခိုင်နှုန်းသာ ရရှိထား၍ ပြတ်ပြတ်သားသား အနိုင်ရခဲ့ခြင်းဖြစ်သည်။ ရွေးကောက်ပွဲမဲဆွယ်ရာတွင် ဘော်ဆွန်နရိုက အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရန်နှင့် ရာဇဝတ်မှု မြင့်တက်နေခြင်းကို လျှော့ချရေးကြိုးပမ်းရန် အဓိက ကတိပြုခဲ့သည်။

၄င်းအနိုင်ရရှိမှုက လက်တင်အမေရိက၏ အကြီးမားဆုံး ဒီမိုကရေစီနိုင်ငံတွင် လက်ယာစွန်းများအားကောင်းမောင်းသန် ဖြစ်နေခြင်းကို ထင်ရှားစွာ ပြသခဲ့သည်။ ရှုံးနိမ့်သွားသည့် လက်ဝဲစွန်း အလုပ်သမားပါတီသည် ၂၀ဝ၃ မှ ၂၀၁၆ ခုနှစ်အတွင်း ဘရာဇီးကို အုပ်ချုပ်ခဲ့သည်။

သမ္မတ ဒီလ်မာ ရူးဆက်ဖ်ကို ပြစ်တင်ဖြုတ်ချခဲ့ပြီးနောက် ပြီးခဲ့သည့်နှစ်နှစ်အတွင်း ရှေးရိုးစွဲဝါဒီ သမ္မတ မိုက်ကယ်တမ်မာက ဘရာဇီးကို ဦးဆောင်ခဲ့သော်လည်း ၄င်းသည် လူကြိုက်မများခဲ့ချေ။ 

အောင်နိုင်သူ ဘော်ဆွန်နရိုက ၄င်း၏အစိုးရသည် ဒီမိုကရေစီနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ် စောင့်ရှောက်မည် ဖြစ်ကြောင်း ကတိပြုခဲ့သည်။ ထောက်ခံသူများ အောင်ပွဲဲခံနေချိန်တွင် ကြည်းတပ်အရာရှိဟောင်းတစ်ဦး ဖြစ်သူ ဘော်ဆွန်နရိုသည် အတိတ်စစ်အုပ်ချုပ်ရေးကာလကို တမ်းတတတ်သူဖြစ်၍ ပြည်သူ့လွတ်လပ်ခွင့်များ ဖြတ်တောက်ကာ ဖွဲ့စည်းပုံအား လိုက်နာမှုလျော့နည်းမည်ကို စိုးရိမ်ပူပန်သူများလည်း ရှိသည်။

ထို့ပြင် ၄င်း၏ လူနည်းစုအရေး၊ လူမျိုးရေးခွဲခြားမှုနှင့် အမျိုးသမီးမုန်းတီးမှုဆိုင်ရာမှတ်ချက်များကြောင့်လည်း စိတ်ပျက်နေသူများလည်း ရှိသည်။

ဘော်ဆွန်နရို၏အောင်နိုင်မှုအတွက် ချီလီ၊ ဗင်နီဇွဲလားနှင့် အမေရိကန်သမ္မတများက ချီးကျူးကြောင်း ပြောဆိုခဲ့ကြသည်။ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့ကြီးကမူ ဘော်ဆွန်နရို၏မဲဆွယ်ပွဲကတိအချို့အတိုင်း ဆောင်ရွက်လာပါက ဘရာဇီး ဒေသခံ တိုင်းရင်းသားများ၊ လိင်တူချစ်သူအသိုင်းအဝိုင်း၊ လူမည်းလူငယ်များ၊ အမျိုးသမီးများ၊ လူမှုအခွင့်အရေးလှုပ်ရှားသူများနှင့် လူထု လူတန်းစားအဖွဲ့အစည်းများအတွက် ကြီးမားသည့် စွန့်စားမှုနှင့် ရင်ဆိုင်ရနိုင်ကြောင်း ပြောဆိုခဲ့သည်။