အမေရိကန်မှ အိုင်ဘီအမ်ကုမ္ပဏီသည် အမေရိကန်ဆော့ဖ်ဝဲကုမ္ပဏီတစ်ခုဖြစ်သည့် ရက်ဒ်ဟက်ကို အမေရိကန်ဒေါ်လာ ၃၄ ဘီလျံဖြင့် ဝယ်ယူရန် သဘောတူညီခဲ့ရာ အတည်ဖြစ်လာပါက ၎င်းသည် သမိုင်းတွင် နည်းပညာကုမ္ပဏီကြီး နှစ်ခုပေါင်းစည်းမှု တတိယမြောက်ဖြစ်သည်။
အောက်တိုဘာ ၂၈ ရက်တွင် သဘောတူညီချက်ရရှိခဲ့ခြင်းဖြစ်ပြီး အိုင်ဘီအမ်သည် အွန်လိုင်းအခြေပြု cloud computing ဈေးကွက်ကို လုပ်ငန်းချဲ့ထွင်တော့မည်ဖြစ်သည်။
သဘောတူညီချက်အရ အိုင်ဘီအမ်သည် ရက်ဒ်ဟက်၏ ရှယ်ယာများကို တစ်စုလျှင် ဒေါ်လာ ၁၉၀ ငွေသားပေးချေသွားမည်ဖြစ်သည်။
အောက်တိုဘာ ၂၆ ရက် သောကြာနေ့ ဈေးကွက်ပိတ်ချိန်က ရက်ဒ်ဟက်ရှယ်ယာဈေးနှုန်းမှာ ဒေါ်လာ ၁၁၆ ဒသမ ၆၈ သာရှိရာ ပေါက်ဈေးထက် ဒေါ်လာ ၇၀ ကျော် ပိုပေးမည့်သဘောဖြစ်သည်။
cloud computing ဈေးကွက်တွင် အရာရာပြောင်းလဲတော့မည်ဟု အိုင်ဘီအမ်ဥက္ကဌနှင့် စီအီးအို ဂင်နီရိုမက်တီက ပြောဆိုသည်။ cloud computing သည် အချက်အလက်များ သိုလှောင်သိမ်းဆည်းခြင်းနှင့် ဆော့ဖ်ဝဲများ အပါအဝင် ကွန်ပြူတာဝန်ဆောင်မှုလုပ်ငန်းများကို အင်တာနက်မှတစ်ဆင့် ပြုလုပ်ပေးနိုင်သည်။
တစ်ချိန်က ကွန်ပြူတာစက်များ ထုတ်လုပ်ခြင်းဖြင့် ကျော်ကြားခဲ့သည့် အိုင်ဘီအမ်သည် cloud computing ကို တိုးတက်ရေးမဟာဗျူဟာအဖြစ် ဦးစားပေးထားကြောင်း၊ ယင်းဗျူဟာသည် အမေဇုန်နှင့် မိုက္ကရိုဆော့ဖ်တို့ကဲ့သို့ ဖြစ်ကြောင်း သိရသည်။
အိုင်ဘီအမ်သည် ၂၀၁၇ ခုနှစ်အတွင်း လည်ပတ်ငွေ ဒေါ်လာ ၇၉ ဘီလျံရှိပြီး အမြတ် ၅ ဒသမ ၈ ဘီလျံရှိသည်။ ရက်ဒ်ဟက်ကို ဝယ်ယူပေါင်းစည်းရန် သဘောတူညီချက်ကို ရက်ဒ်ဟက်ရှယ်ယာဝင်များက အတည်ပြုပေးရန်နှင့် ဥပဒေအရ တရားဝင်ရန် ကျန်ရှိနေသည်။ ယင်းလုပ်ငန်းစဉ်များ ၂၀၁၉ ခုနှစ် နှစ်လည်ပိုင်းနောက်တွင် ပြီးစီးမည်ဟု မျှော်လင့်ရသည်။

















