ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်ဟောင်း ခါလီဒါ ဇီယာကို အကျင့်ပျက်ခြစားမှုများဖြင့် ဒါကာမြို့ တရားရုံးက ထောင်ဒဏ်ခုနစ်နှစ် ချမှတ်လိုက်သည်။
၎င်းထူထောင်ထားသော ပရဟိတအဖွဲ့တစ်ခုနှင့်ပတ်သက်ပြီး ရင်းမြစ်မတင်ပြနိုင်သော ရန်ပုံငွေအများအပြား လက်ခံရယူခဲ့မှုဖြင့် ထောင်ဒဏ်ချမှတ်ခံခဲ့ရခြင်းဖြစ်သည်။
ဇီယာ ပရဟိတဖောင်ဒေးရှင်းအတွက် ရင်းမြစ်ဖော်ပြနိ်ုင်ခြင်းမရှိသော နေရာများမှ ရန်ပုံငွေ ဒေါ်လာ ၃၇၅၀ဝ၀ ထိ လက်ခံခဲ့သဖြင့် ပြစ်မှုမြောက်ကြောင်း ဒါကာမြို့ တရားရုံး စီရင်ချက်တွင် ဖော်ပြထားသည်။
ဇီယာသည် အခြားသော အမှုတစ်ခုဖြင့်လည်း ယခုနှစ် ဖေဖော်ဝါရီလက ထောင်ဒဏ် ငါးနှစ်ချမှတ်ခံထားရပြီး လက်ရှိတွင် ကျန်းမာရေးမကောင်းမှုကြောင့် ဒါကာမြို့တွင် ဆေးရုံတက်လျက်ရှိကာ စီရင်ချက်ချသည့် တရားခွင်သို့ ရောက်မလာနိုင်ခဲ့ပေ။
ဝန်ကြီးချုပ်ဟောင်း ဇီယာအပြင် အခြားသော အပေါင်းအပါ သုံးဦးကိုလည်း ဒါကာမြို့ တရားရုံးက ရင်းမြစ်မဖော်ပြနိုင်သော နေရာများမှ ရန်ပုံငွေ လက်ခံမှုဖြင့် ထောင်ဒဏ် ခုနစ်နှစ်စီ ချမှတ်လိုက်သည်။
အမှု နှစ်မှုလုံးသည် နိုင်ငံရေးအရ အကွက်ဆင် လုပ်ကြံခြင်းသာဖြစ်ကြောင်း ဇီယာ၏ ဘင်္ဂလားဒေ့ရှ် နေရှင်နယ်လစ်ပါတီ (ဘီအင်န်ပီ) က ဝေဖန်ပြောကြားထားသည်။

















