ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နှင့် ၁၀ မိုင်သာကွာဝေးသည့် အီနိုင်းကျေးရွာအနီးတွင် ယနေ့အောက်တိုဘာ ၂၉ရက် နံနက်ပိုင်းက တိုက်ပွဲဖြစ်ပွားနေသောကြောင့် အီနိုင်းရွာ ဘုန်းကြီးကျောင်း၌ စစ်ဘေးရှောင်နေသည့် ပြည်သူများကို လားရှိုးမြို့ပေါ်သို့ ပြောင်းရွေ့ပေးနေရကြောင်း လားရှိုးမြို့ ပရဟိတအသင်းများက အတည်ပြုပြောကြားသည်။
အောက်တိုဘာ ၂၆ ရက်က လားရှိုး နမ္မတူသွားလမ်းတွင်ရှိသည့် ကျေးရွာများမှပြည်သူများသည် ၎င်း တို့၏ရွာအနီး၌ သေနတ်ပစ်ခတ်သံများနှင့် လက်နက်ကြီးပစ်သံများကြားရသဖြင့် မနေရဲသောကြောင့် လားရှိုး မြို့နှင့် ၁၀ မိုင်သာကွာဝေးသည့် အီနိုင်းကျေးရွာသို့ စစ်ဘေးရှောင်ခဲ့ကြသည်။
"စစ်ရှောင်တွေ ရောက်တာ နှစ်ရက် ရှိပြီဗျ။ မနေ့ညက လက်နက်ကိုင်အဖွဲ့တွေက ရွာထဲအထိ ဝင်ရောက်လာတာကြောင့် ရွာသူရွာသားတွေက ကြောက်လန့်ပြီး ညတွင်းချင်း လားရှိုး မြို့ပေါ်ထွက်ပြေးတဲ့သူတွေလည်းရှိတယ် " ဟု အီနိုင်ကျေးရွာ အုပ်ချုပ်ရေးမှူးက ပြောသည်။
''စစ်ရှောင်စခန်းက လူတွေကိုတော့ အခြေအနေကြည့်ပြီးမှ နေရာရွှေ့ပေးဖို့ လုပ်ထားပေမယ့် အခုတော့ လက်ရှိအခြေနေက မြင်တဲ့အတိုင်း မပြောင်းလို့မရတော့ဘူး။ရွာ အထွက်မှာ ကင်းစခန်းချပြီး တိုက်ပွဲဖြစ်နေကြပြီဆိုတော့ ကျွန်တော်ရွာမှာ စခန်းနှစ်ခု ဖွင့်ထားပါတယ်။ အခုပြောင်းတာက ဘုန်းကြီးကျောင်းမှာ ထားပေးတဲ့ လူ ၄၀ဝ ခန့်ကို အရင်ရွှေ့နေတာပါ'' ဟု ၎င်းက ဆက်လက်ပြောကြားသည်။
အောက်တိုဘာ ၂၉ ရက် ယနေ့ နံနက် ၁၁ နာရီ ဝန်းကျင်တွင် အီနိုင်းကျေးရွာအထွက် နမ္မတူသွားလမ်း မိုင်းရင် လမ်းခွဲအနီး တောင်ကုန်းပေါ်တွင် တိုက်ပွဲဖြစ်လျက်ရှိသည်။
ထို့ကြောင့် လက်နက်ကိုင်အဖွဲ့မှ လက်နတ်ကိုင်အချို့က အရပ်ဝတ်ဖြင့် အီနိုင်းကျေးရွာ လမ်းများတွင် သွားလာနေပြီး အချို့ လက်နက်ကိုင်အရာရှိအဆင့်ရှိသူတစ်ဦးက နမ္မတူဘက်ကို သွားသည့် အိမ်စီးကား၊ လိုင်းကားနှင့် ခရီးသွားများကို တိုက်ပွဲဖြစ်နေ၍ ခဏရပ်စောင့်ပေးရန်ကားသမားများကို ပြောကြားခဲ့ကြသည်။
"အရှေ့နားမှာ တိုက်ပွဲ ဖြစ်နေတယ်။ ခဏစောင့်လိုက်ပါ အန္တရာယ်ရှိတယ်" ဟု ကချင်ဘာသာစကားအသုံးပြုသည့် အရပ်ဝတ်ဝတ်ထားသည့် လက်နက်ကိုင် တစ်ဦးက ပြောသည်။
အီနိုင်းကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ရောက်ရှိနေသည့် ဒုက္ခသည် ၄၀ဝ ခန့်ကို လားရှိုးမြို့ မန်ဆူကျောင်းနှင့် ရွှေကျောက်ဂူကျောင်းသို့ တိမ်းရှောင်ရန် ပို့ပေးနေကြသည်။
အီနိုင်းကျေးရွာတွင် စစ်ရှောင်စခန်း နှစ်ခုရှိပြီး အီနိုင်းဘုန်းကြီးကျောင်း၌ ရှမ်းလူမျိုး၊ ပလောင်လူမျိူး၊ ဂေါ်ရခါးလူမျိုး ၄၀ဝ ခန့် တို့နေထိုင်ကြသည်။ အီနိုင်းကျေးရွာ ကချင်နှစ်ခြင်းဘုရားကျောင်းတွင် ကချင်လူမျိုး ပလောင် လူမျိုးနှင့် ရှမ်းလူမျိူးအချို့ စုစုပေါင်း ၃၀ဝ ဝန်းကျင်ရှိနေသည်။
''ကျွန်တော်တို့တော့ မပြောင်းသေးဘူးဗျ။ လက်နက်ကိုင်တွေက ရွာထဲမှာရော ရွာအနီးတစ်ဝိုက်မှာပါရှိနေကြတယ်။ တိုက်ပွဲဖြစ်နေတဲ့အသံတွေလည်း ကြားနေရတယ်။ဒါပေမယ့် အားလုံးနှင့်တိုင်ပင်တာရော သူတို့ဆန္ဒအရပါ မပြောင်းသေးဘူးဗျ။ အခြေအနေကို စောင့်ကြည်ဦးမယ်။ဒီထက်ဆိုးလာရင်တော့ ပြောင်းမှာပါ''ဟု ကချင်နှစ်ခြင်းဘုရားကျောင်းမှ စစ်ရှောင်စခန်းတာဝန်ခံ ဆရာဇော်ရော် က ပြောသည်။
"ကျွန်တော်တို့ပြောင်းသွားရင် တိုက်ပွဲကရွာထဲထိရောက်လာပြီး ကျွန်တော်တို့ တန်ဖိုးထားရတဲ့ ဒီဘုရားကျောင်းတွေကို စစ်တလင်းအဖြစ် လုပ်ပစ်နိုင်တယ်။ သူတို့က ဒီအထိသာ တိုက်ပွဲလာဖြစ်မယ်ဆိုရင် အားလုံးပျက်စီးကုန်မှာကိုလည်း မလိုလားတာကြောင့် နောက်တစ်ခုက ဒီရွာခံအချို့လည်း ကျန်နေခဲ့သေးတယ်။ သူတို့ကျွဲ နွားတွေကို စွန့်ပြီးမထားခဲ့နိုင်ကြလို့ မပြေးကြသေးတဲ့သူတွေရှိနေသေးတာကြောင့် မပြောင်းသေးတာပါ"ဟု ၎င်းကရှင်းပြသည်။
အောက်တို့ဘာ ၂၉ ရက် နေ့လည် ၁၂ နာရီ ဝန်းကျင်တွင် အီနိုင်းရွာမှ ကချင်းဘုရားကျောင်းရှိ စစ်ရှောင် ၃၀ဝ ခန့်နှင့် ရွာသူရွာသားအချို မပြောင်းရွှေ့ဘဲ ကျန်နေခဲ့ကြသော်လည်း အီနိုင်းရွာသားများအပါအဝင် စစ်ရှောင် ၄၀ဝ အား လားရှိုးမြို့မှ ပရဟိတအသင်းများ၊ လူမှုကူညီရေးအသင်းများ၊ နားရေးကူညီမှုအသင်းများက စုပေါင်းပြီး ကူညီပြောင်းရွှေ့ပေးခဲ့ကြသည်။
''ကျွန်တော်မပြေးဘူးဗျာ။ တပည့်တွေနဲ့ မိသားစုတွေတော့ သွားခိုင်းလိုက်ပြီး အိမ်နဲ့ ဆိုင်စောင့်ရမယ်။ ဆိုင်ကယ် ပြင်ဆိုင်ဖွင့်ထားတာဆိုတော့ သူများ လာအပ်ထားတဲ့ဆိုင်ကယ်တွေရှိတယ်။ ပျောက်သွားရင် အားလုံးလျော်ရမှာ မဖြစ်ဘူး။ဒါကြောင့် မသွားတော့ဘူး" ဟု အီနိုင်းကျေးရွာမှ ဆိုင်ကယ်ပြင်ဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။
အဆိုပါ တိုက်ပွဲများကြောင့် အနီးတစ်ဝိုက်မှ စာသင်ကျောင်းအားလုံး ပိတ်ထားရသည်။
အောက်တိုဘာ ၂၈ ရက်ညက အီနိုင်းကျေးရွာအတွင်း ယူနီဖောင်းအစိမ်း ဝတ်ထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့မှ လူအင်အား ၂၀ဝ ခန့်ဝင်လာပြီး လက်ရှိ ရွာဘေးတွင် ကင်းစခန်းချကာ တိုက်ပွဲများဖြစ်နေသည်။
ယခုဖြစ်သည့် အဖွဲ့များမှာ သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော် SSPP/SSA တပ်ပေါင်းစုတို့နှင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော် RCSS/SSA တို့ဖြစ်သည်။


















