ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်ခရိုင် မယ်ဟုတ်ချောင်း ရေအားလျှပ်စစ်စီမံကိန်း တည်ဆောက်ရန်အတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် မြန်မာဧရာမွန်ဆိပ်ကမ်းနှင့် မြစ်များ ဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီတို့အကြား သဘောတူညီမှုစာချုပ် (MoA) လက်မှတ်ရေးထိုးပွဲကို အောက်တိုဘာ တတိယပတ်မွန်းလွဲပိုင်းက တောင်ကြီးမြို့ရှိ ပြည်နယ်အစိုးရအဖွဲ့ရုံး၌ ကျင်းပခဲ့သည်။
ရေအားလျှပ်စစ်
လက်မှတ်ရေးထိုးပွဲတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ်ကိုယ်စား ပြည်နယ်စီမံကိန်းနှင့်စီးပွားရေး ဝန်ကြီးဦးစိုးညွန့်လွင်က မြန်မာဧရာမွန်ဆိပ်ကမ်းနှင့် မြစ်များဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီ လီမိတက်နှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လျှပ်စစ်၊ စွမ်းအင်နှင့် စက်မှုဝန်ကြီးတို့သည် ၂၀၁၆ ခုနှစ် အောက်တိုဘာ ၂၄ ရက်က မယ်ဟုတ်ချောင်းရေအားလျှပ် စစ်စီမံကိန်းအတွက် နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးခဲ့ပြီး မယ်ဟုတ်ချောင်း ရေအားလျှပ်စစ်စီမံ ကိန်းနှင့်ပတ်သက်၍ ဖြစ်နိုင်ခြေစမ်းသပ်တိုင်းတာကွင်းဆင်းလေ့လာခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး ဖြစ်နိုင်ခြေလေ့လာမှုအစီရင်ခံစာFSR-Fea-sibility Study Report) ကို ၂၀၁၇ ခုနှစ် အောက်တိုဘာ ၂၅ ရက်က တင်ပြခဲ့ပြီးဖြစ်ကြောင်း၊ ဆက်လက်ပြီး မယ်ဟုတ် ၁၇ မဂ္ဂါဝပ် ရေအားလျှပ်စစ် တည်ဆောက်နိုင်ရေး အတွက် သဘောတူညီမှုစာချုပ် (MoA) ကို ချုပ်ဆိုရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
အပြန်အလှန်လဲလှယ်
ထို့နောက် မြန်မာဧရာမွန်ဆိပ်ကမ်းနှင့် မြစ်များဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီလီမိတက် မှ တာဝန်ရှိသူတစ်ဦးက သဘောတူစာချုပ် လက်မှတ်ရေးထိုးရခြင်းနှင့်ပတ်သက်၍ ရှင်း လင်း ပြောကြားပြီး ပြည်နယ်ဘဏ္ဍာရေးဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံ၊ ပြည်နယ်စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးစိုးညွန့်လွင်၊ ရှမ်းပြည်နယ်အစိုးရ အဖွဲ့အတွင်းရေးမှူး ဦးစိုးစိုးဇော်နှင့် မြန်မာ ဧရာမွန်ဆိပ်ကမ်းနှင့် မြစ်များဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီလီမိတက်မှ တာဝန်ရှိသူများက မယ်ဟုတ်ချောင်းရေအားလျှပ်စစ်စီမံကိန်း တည်ဆောက်ရန်အတွက် သဘောတူညီမှုစာချုပ် (MoA) ကို လက်မှတ်ရေးထိုးကာ စာချုပ်များကို အပြန်အလှန်လဲလှယ်ခဲ့ကြသည်။
















