မြောက်ကိုရီးယားသည် ဆွစ်ဇာလန်၊ စင်ကာပူတို့ကဲ့သို့ ဒေသတွင်း သယ်ယူပို့ဆောင်ရေးဗဟိုချက်ဖြစ်လာစေရန် ရည်မှန်းသလို၊ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့အပါအဝင် ဘဏ္ဍာရေးအဖွဲ့ကြီးများသို့လည်း ဝင်ခွင့်ရလိုကြောင်းဖြင့် မြောက်ကိုရီးယားအစိုးရ အကြီးတန်း ဘောဂဗေဒပညာရှင်တစ်ဦးက ပြောကြားကြောင်း အေပီသတင်းဌာနက ဖော်ပြသည်။
မြောက်ကိုရီးယားအား ပြီးခဲ့သည့်နှစ်ပိုင်းများက နိုင်ငံတကာအသိုင်းအဝိုင်းက ဆန်ရှင်များ တိုးမြှင့်ချမှတ်ခဲ့သည့်တိုင် စီးပွားရေးတိုးတက်မှုသည် တစ်နှစ်ထက်တစ်နှစ် ပိုကောင်းလာခဲ့ကြောင်းလည်း မြောက်ကိုရီးယား လူမှုသိပ္ပံတက္ကသိုလ်လက်အောက်ရှိ စီးပွားအင်စတီကျုမှ အကြီးတန်း သုတေသီ ရီ ကီ ဆောင်က ပြောသည်။
၂၀၁၃ ခုနှစ်က ဂျီဒီပီ ၂၄ ဒသမ ၉၉၈ ဘီလျံရှိခဲ့ပြီး၊ ၂၀၁၆ ခုနှစ်တွင် ဒေါ်လာ ၂၉ ဒသမ ၅၉၅ ဘီလျံရှိခဲ့ကာ၊ ၂၀၁၇ ခုနှစ်တွင် ဒေါ်လာ ၃၀ ဒသမ ၇၀၄ ဘီလျံရှိလာခဲ့သည်။
ဆန်ရှင်များ ရုပ်သိမ်းပေးမည်၊ နိုင်ငံရေးဝန်းကျင်အနေအထားက မြောက်ကိုရီးယားအပေါ် လိုလိုလားလား ရှိလာမည်ဆိုပါက ဆွစ်ဇာလန်၊ စင်ကာပူတို့ကဲ့သို့ပင် တိုးတက်လာနိုင်ကြောင်းလည်း ရီက ပြောသည်။
ထိုနိုင်ငံများသည် နယ်မြေကျဉ်းကာ၊ သယံဇာတ နည်းပါးသည့်တိုင် တည်နေရာ အချက်အချာကျမှုကို အားပြုကာ တိုးတက်လာခဲ့ကြသည့်နည်းတူ မြောက်ကိုရီးယားသည်လည်း အရှေ့အာရှ သယ်ယူပို့ဆောင်ရေး ဗဟိုချက်အဖြစ် တိုးတက်လာနိုင်ကြောင်း ရီက သုံးသပ်သည်။
အနာဂတ်တွင် တောင်ကိုရီးယားနှင့် ရထားလမ်းချိတ်ဆက်ကာ ဆိုက်ဘေးရီးယားထိ လမ်းပေါက်သွားပါက ရေကြောင်းမှ ကုန်စည်ပို့ဆောင်နေသူများပင် ရထားလမ်းကြောင်းကို ပိုမိုရွေးချယ်လာမည်ဖြစ်ကြောင်း ရီက ပြောသည်။
မြောက်ကိုရီးယားသည် ရုရှား၊ တရုတ်၊ တောင်ကိုရီးယားတို့နှင့် ရထားလမ်း အဆက်အသွယ်ရှိထားပြီးဖြစ်ကာ တောင်ကိုရီးယားသမ္မတ မွန်းဂျေအင်းကလည်း နှစ်နိုင်ငံ နယ်စပ်ဖြတ်ကျော် ရထားလမ်း အမြန်ဆုံးပြန်စမည်ဟု လူသိရှင်ကြား ကတိပြုထားသည်။
နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ကဲ့သို့သော အဖွဲ့အစည်းမျိုးသို့ ဝင်နိုင်ရန်အတွက် မြောက်ကိုရီးယားသည် အခြေခံကျကျ ပြုပြင်ပြောင်းလဲရန် လိုနေသေးသလို၊ ပွင့်လင်းမြင်သာမှု ရှိရန်လည်း လိုအပ်နေသေးသည်။

















