အကောက်ခွန်ဝန်ထမ်းများ အကျင့်ပျက်မှုကြောင့် ကုန်စည်စစ်ဆေးရန် ဖိလစ်ပိုင်သမ္မတဒူတာတေးက စစ်တပ်ကို အစားထိုး တာဝန်ပေး

အကောက်ခွန်ဝန်ထမ်းများ အကျင့်ပျက်မှုကြောင့် ကုန်စည်စစ်ဆေးရန် ဖိလစ်ပိုင်သမ္မတဒူတာတေးက စစ်တပ်ကို အစားထိုး တာဝန်ပေး

မြို့တော် မနီလာဆိပ်ကမ်းမှ မူးယစ်ဆေးဝါး အများအပြားပါသည့် ကုန်စည်များ အကောက်ခွန်ကို ဖြတ်သန်းပြီး နှစ်ကြိမ်တိုင်တိုင် လွတ်သွားသဖြင့် အကျင့်ပျက်ခြစားမှု ထူပြောနေသော အကောက်ခွန်ဌာနနေရာတွင် စစ်တပ်ဖြင့် အစားထိုးကာ ကုန်စည်စစ်ဆေးရန် ဖိလစ်ပိုင်သမ္မတ ရိုဒရီဂို ဒူတာတေးက စီစဉ်လိုက်သည်။ 

နိုင်ငံတောင်ပိုင်း ဒါဗိုမြို့တွင် ဧည့်သည် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရီပါ ရှိနေသည့် အခမ်းအနားတစ်ခု၌ သမ္မတ ဒူတာတေးက စကားလုံးကြမ်းကြမ်းများဖြင့်ပါ မှတ်ချက်ပေး ပြောကြားခဲ့ခြင်း ဖြစ်သည်။

အကောက်ခွန်ဌာနသည် ဘဏ္ဍာရေးဝန်ကြီးဌာနလက်အောက်တွင်ရှိပြီး သွင်းကုန်ခွန်များနှင့် အခြားအခွန်များ စည်းကြပ်ကောက်ယူလျက်ရှိပြီး ဖိလစ်ပိုင်နိုင်ငံတစ်ဝန်း ဝန်ထမ်းအင်အား သုံးထောင်ကျော်ရှိသည်။ 

"အကောက်ခွန်ဌာနထဲမှာ ဥပဒေမဲ့ အကျင့်ပျက်ခြစားနေသူတွေ ရှိနေတာကြောင့် မူးယစ်ဆေးဝါးတွေ လွတ်ထွက်သွားတာဖြစ်တယ်။ ညစ်ပတ်တဲ့ အကျင့်စရိုက်နဲ့ အကောက်ခွန်ဝန်ထမ်းတွေ သူတို့အလုပ် သူတို့မလုပ်မှတော့ ကျုပ်ကလည်း စစ်တပ်ကို အစားထိုး တာဝန်ပေးဖို့ကလွဲပြီး တခြားမရှိဘူး" ဟု သမ္မတ ဒူတာတေးက ပြောသည်။ 

မက်သမ်ဖတမင်း ဆေးပြားအများအပြားပါသည့် ကုန်စည်များ ပြီးခဲ့သည့်နှစ်က တစ်ကြိမ်၊ ယခုနှစ် ဇူလိုင်တွင်တစ်ကြိမ် အကောက်ခွန်ကိုဖြတ်ပြီး လွတ်သွားမှုကိစ္စဖြစ်သည်။

ပြီးခဲ့သည့်နှစ်က လွတ်သွားသည့် မက်သမ်ဖတမင်း ဆေးပြားများကို နောက်ပိုင်းတွင် မနီလာမြို့လယ် ဂိုဒေါင်တစ်လုံး၌ ဖမ်းမိခဲ့သည်။ ဇူလိုင်လက လွတ်သွားသော မက်သမ်ဖတမင်းများကိုလည်း ကာဗီတီ ပြည်နယ်တွင် ဖမ်းမိခဲ့သည်။ 

စစ်တပ် တာဝန်ရှိသူများသည် မြို့တော် မနီလာနှင့် ဖိလစ်ပိုင်ရှိ ဆိပ်ကမ်းများ၌ ကုန်စည်စစ်ဆေးရေး လုပ်ငန်းများ၌ အစားထိုးတာဝန်ယူမည်ဖြစ်သည်။ အိပ်စ်ရေးစက်ဖြင့် စစ်ဆေးခြင်းများကိုလည်း စစ်ဘက်က အစားထိုး တာဝန်ယူမည်ဖြစ်သည်။

မူးယစ်ဆေးများ နှစ်ကြိမ်တိုင်တိုင် လွတ်ထွက်သွားမှုတွင် အကောက်ခွန်ဌာနတွင်းမှ ကြံရာပါ အကျင့်ပျက်ဝန်ထမ်းများကိုလည်း ဖော်ထုတ်အရေးယူမည်ဟု သမ္မတ ဒူတာတေးက ပြောသည်။