ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ် တည်ဆောက်ရေးနှင့်ပတ်သက်၍ အစည်းအဝေးတစ်ရပ်ကို အောက်တိုဘာ ၂၉ရက် မွန်းလွဲပိုင်းတွင် ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဖွဲ့စည်းထားသည့် ကော်မတီသုံးရပ်အနေဖြင့် လုပ်ငန်းများ အမြန်ဆုံးအကောင်အထည်ဖော်ပေးရန် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်းက ညွှန်ကြားခဲ့သည်။
ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ်စီမံကိန်းသည် နိုင်ငံတော်အဆင့်စီမံကိန်းတစ်ခုဖြစ်ပြီး ပြည်ထောင်စုဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရန် တိုင်းဒေသကြီး၌ ကော်မတီ(၃)ရပ် ဖွဲ့စည်းထားရှိပြီးဖြစ်ကြောင်း၊ ယခု ပွင့်လင်းရာသီ၌ လေဆိပ်ကျူးကျော်များ လျော်ကြေးပေးခြင်း၊ လေယာဉ်ကွင်းပတ်လမ်း ပေ(၁၀ဝ)အကျယ် ဖောက်လုပ်ခြင်းနှင့် ခြံစည်းရိုးကာရံခြင်းလုပ်ငန်းများ ဆောင်ရွက်ရန်ရှိကြောင်း၊ ထို့ကြောင့် ဖွဲ့စည်းထားပြီးဖြစ်သည့် ကော်မတီအလိုက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ဥပဒေနှင့်အညီ မြန်မြန်ဆန်ဆန် ဆောင်ရွက်ရန်လိုအပ်ကြောင်း ဝန်ကြီးချုပ်က ပြောကြားသည်။
ကျူးကျော်စာရင်း ကောက်ယူခြင်း၊ ကျူးကျော်စိုက်ပျိုးထားခြင်းနှင့် လျော်ကြေးပေးလျော်ရမည့် စာရင်းများကို လျော်ကြေးငွေပေးလျော်ရေးကော်မတီသို့ တင်ပြထားပြီးဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးအောင်ဇော်နိုင်က ဆွေးနွေးခဲ့သည်။
ထို့အတူ လေဆိပ်တည်ဆောက်ရေးကာလ အဝင်လမ်းများအတွက် လမ်းဦးစီးဌာနမှ တွက်ချက်၍ ဘတ်ဂျက် တင်ပြတောင်းခံသွားမည့် အခြေအနေကို စက်မှု၊လျှပ်စစ်နှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းဝင်းက တင်ပြခဲ့သည်။
အလားတူ ကော်မတီအလိုက် ရှေ့ဆက်ဆောင်ရွက်ရမည့် အခြေအနေ၊ လေကြောင်းဦးစီးဌာနနှင့် ပေါင်းစပ်ဆောင်ရွက်သွားမည့် အခြေအနေများကိုလည်း အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတိုးဝင်းက တင်ပြဆွေးနွေးခဲ့သည်။
ပထမတင်ဒါအောင်သည့် ကုမ္ပဏီအနေဖြင့် လုပ်ငန်းဆောင်ရွက်မှု နောက်ဆုတ်သွားပြီဖြစ်၍ ယခုအခါ ဂျပန်ကုမ္ပဏီတစ်ခုမှ ချေးငွေရရန် သဘောတူညီထားပြီးဖြစ်ကြောင်း၊ ၂၀၁၉ ခုနှစ်၊ မတ်လအတွင်း ချေးငွေပေးမည့် ဂျပန်ကုမ္ပဏီမှ ရှေးပြေးမြေပြင်ကွင်းဆင်းဆောင်ရွက်ရန် လျာထားပြီးဖြစ်ကြောင်း လေကြောင်းဦးစီးဌာန(ရန်ကုန်)၊ ဒုတိယညွှန်ကြားရေးမှူး ဦးဇော်မင်းက တင်ပြဆွေးနွေးခဲ့သည်။
ပဲခူးမြို့နယ်အတွင်း မြေဧရိယာ(၉၆၉၀ ဒသမ ၄)ဧက၌ ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ် စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် ကျူးကျော်များ စာရင်းကောက်ယူခြင်း၊ နစ်နာကြေးလျော်ကြေးပေးလျော်ခြင်းနှင့် ပြန်လည်နေရာချထားခြင်း စသည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ စာရင်းကောက်ယူရာတွင် အဆင့်(၃)ဆင့် သတ်မှတ်ကောက်ခံခဲ့သည်။
ထိုသို့ သတ်မှတ်ကောက်ခံခဲ့ရာ (A)အဆင့်တွင် ဘုန်းတော်ကြီးကျောင်း(၉)ကျောင်း၊ (B)အဆင့်တွင် အခိုင်အမာ လူနေအိမ်(၃၆၄)လုံး၊ ယာယီတဲ(၃၆၁)လုံး စုစုပေါင်း(၇၃၄)လုံးဖြစ်ပြီး၊ နှစ်ရှည်အခြားသီးနှံ စိုက်ပျိုးသူ(၅၃၃)ဦးနှင့် လေဆိပ်ပတ်လမ်း (၁၀ဝ)ပေအတွင်း ပါဝင်သွားသည့် နှစ်ရှည်အခြားသီးနှံများအတွက် အမြန်ဆုံး သီနှံလျော်ကြေး ပေးလျော်နိုင်ရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။ ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ်စီမံကိန်းနှင့်စပ်လျဉ်း၍ ယခုဘဏ္ဍာရေးနှစ် ၂၀၁၈-၂၀၁၉တွင် အုတ်တံတိုင်းခြံစည်းရိုး ၁၃၅၀ဝပေအား ခြံစည်းရိုးခတ်သွားမည်ဖြစ်ကြောင်း လေဆိပ်စီမံကိန်းဌာနက အတည်ပြုခဲ့သည်။
ဟံသာဝတီလေဆိပ်စီမံကိန်း၏ ခြံစည်းရိုးနယ်နိမိတ်အား အုတ်တံတိုင်းခတ်ရန် ပြည်ထောင်စုအစိုးရရန်ပုံငွေဖြင့် ဘဏ္ဍာနှစ်အလိုက် ခွဲဝေပေးလျက်ရှိရာ ၂၀၁၇-၂၀၁၈ဘဏ္ဍာရေးနှစ်တွင် လေယာဉ်ကွင်း၏ အရှေ့ဘက်ခြမ်း မြို့နေလူထုနှင့်နီးစပ်လျက်ရှိသောနေရာ ပေပေါင်း ၈၂၀ဝအား ဘဏ္ဍာငွေကျပ်သန်းပေါင်း ၄၀ဝဖြင့် အုတ်တံတိုင်းခြံစည်းရိုးခတ်မှုပြီးစီးခဲ့သည်။ယခုဘဏ္ဍာနှစ်တွင် ပေပေါင်း ၁၃၅၀ဝပေ ခတ်ရန် ပြင်ဆင်နေခြင်းဖြစ်သည်။
"မြို့နေလူထုနဲ့ ဆက်စပ်နေတဲ့ အရှေ့ဘက်ခြမ်းကို ခွဲဝေရန်ပုံငွေပေါ် မူတည်ပြီး အုတ်တံတိုင်းခတ်နေတာပါ။ပေပေါင်း ၈၂၀ဝ ပြီးစီးခဲ့ပါပြီ။အခုဘဏ္ဍာနှစ်မှာတော့ ပေ၁၃၀ဝ၀ကျော် ခတ်ဖို့ ပြင်ဆင်နေပါပြီ။အခက်အခဲအနေနဲ့ကတော့ ခြံစည်းရိုးခတ်မဲ့လမ်းတစ်လျှောက်မှာ ရာဘာစိုက်ခင်းတွေ ရှိနေတဲ့အတွက် လျော်ကြေးငွေပေးပြီး ဖယ်ရှားပေးဖို့တော့ လိုပါတယ်"ဟု လေကြောင်းပို့ဆောင်ရေးဦးစီးဌာန ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ်စီမံကိန်းမှ တာဝန်ခံဦးအောင်ထက်လွင်ကျော်က ပြောသည်။ အဆိုပါစီမံကိန်းဌာနအနေဖြင့် ဟံသာဝတီလေဆိပ်မြေဧရိယာအတွင်း ကျရောက်နေသည့် ကျူးကျော်များအား ခေါ်ယူတွေ့ဆုံပြီး ညှိနှိုင်းဆောင်ရွက်မှုများပြီးစီးခဲ့သည့်အတွက် လျော်ကြေးငွေပေးပါက ဖယ်ရှားပေးမည်ဖြစ်ကြောင်း သဘောတူညီမှုများ ရရှိထားကာ လျော်ကြေးငွေပေးအပ်ရန် ပြည်ထောင်စုရန်ပုံငွေသန်း၉၀ဝ တိတိကို ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့သို့ ၂၀၁၆-၂၀၁၇ဘဏ္ဍာနှစ်ကတည်းက ပေးအပ်ထားပြီးဖြစ်သည်။
"ကျူးကျော်တွေနဲ့ ညှိနှိုင်းမှုတွေ ပြီးစီးလို့ သဘောတူညီမှုတွေ ရရှိပြီးပါပြီ။အစိုးရအဖွဲ့အနေနဲ့ ဖြေရှင်းပေးဖို့ပဲ လိုပါတော့တယ်။ရန်ပုံငွေကိုလည်း ချပေးထားပြီးပါပြီ။အုတ်တံတိုင်းခတ်ဖို့က ကျူးကျော်တွေကို ဖြေရှင်းပေးဖို့လိုပါတယ်။လုပ်ငန်းသုံးပစ္စည်းတွေကိုလည်း တင်ဒါခေါ်ယူပြီး ဌာနရဲ့ကြီးကြပ်မှုနဲ့ စတင်လုပ်ဆောင်ဖို့ပဲ ရှိပါတော့တယ်"ဟု စီမံကိန်းတာဝန်ခံက ပြောသည်။















