ရန်ကုန်-စစ်တွေလမ်း ရာမောင်ကြိုးတံတား အဆင့်မြှင့်ပြုပြင်တည်ဆောက်မည် ယနေ့မှစပြီး မော်တော်ယာဉ်များ ဇက်ရေယာဉ်ဖြင့် ဖြတ်သန်းကြရန် ထုတ်ပြန်

ရန်ကုန်-စစ်တွေလမ်း ရာမောင်ကြိုးတံတား အဆင့်မြှင့်ပြုပြင်တည်ဆောက်မည် ယနေ့မှစပြီး မော်တော်ယာဉ်များ ဇက်ရေယာဉ်ဖြင့် ဖြတ်သန်းကြရန် ထုတ်ပြန်

ရခိုင်ပြည်နယ် ရန်ကုန်-စစ်တွေလမ်း (အမ်း-စစ်တွေ အပိုင်း) မိုင်တိုင် ၉၀ ရှိ ရာမောင်ကြိုးတံတားကို အဆင့်မြင့် တံတားအဖြစ်တည်ဆောက်မည်ဖြစ်၍ အောက်တိုဘာ ၃၀ ရက်(ယနေ့)မှစတင်၍ မော်တော်ယာဉ်များအားလုံး ဇက်ရေယာဉ်ဖြင့် ဖြတ်သန်းသွားလာရမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားဦးစီးဌာန၏ထုတ်ပြန် ထားချက်အရ သိရသည်။

၁၈ လ ကြာမြင့်မည်

တံတားတည်ဆောက်ချိန်မှာ ၁၈ လ ကြာမြင့်မည်ဖြစ်၍ ပြည်သူများသွားလာရေးခက်ခဲမှုများ ဖြစ်ပေါ်လာနိုင်သော ကြောင့် ယင်းတံတားကိုမဖြတ်ဘဲ တံတား၏ဘေးတွင် တံတား သစ်တစ်စင်းထိုးပေးစေချင်ကြောင်း မင်းပြား အမှတ် (၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းအောင်က အောက်တိုဘာ ၂၉ ရက်၌ ပြောဆိုသည်။

ပြည်ထောင်စုအဆင့်တင်ပြမည်

"ကျွန်တော်တို့ မင်းပြားဘက်က တံတားဆောက်တာကို သဘောမတူတဲ့ အနေအထားရှိတယ်။ တံတားကို ဒီအတိုင်း ထားပြီး တံတားသစ်ကို ဘေးကနေဆောက်စေချင်တာပါ။ ဒီနေ့အစည်းအဝေးမှာလည်း ကိုယ်စားလှယ်တွေအကုန်လုံး တံတားခံနိုင်ရည်ရှိတဲ့ ကားလေးတွေကို ဖြတ်သန်းခွင့်ပြု ပြီးတော့ မခံနိုင်တဲ့ကားတွေကိုတော့ ဇက်နဲ့ကူးမယ်ဆိုပြီး တင်ပြခဲ့ပါတယ်။ ပြည်သူတွေဒုက္ခမဖြစ်ဖို့အတွက် တံတားကို ဒီအတိုင်းထားပြီး တံတားရဲ့အောက်ဘက်မှာ မြေနေရာ လည်း ရှိပြီးသားပါ။ သက်ဆိုင်ရာအစိုးရအဖွဲ့ရော၊ ဌာန ဆိုင်ရာတွေရော ရှင်းပြတဲ့အခါမှာ လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးက ပြည်သူ့အသံဖြစ်တဲ့အတွက် ပြည်ထောင်စုအဆင့် ကိုတင်ပြမယ်လို့သိရပါတယ်"ဟု ၎င်းက ပြောဆိုသည်။

"တံတားက တစ်နှစ်ကျော်လောက် ကြာမှာဖြစ်တယ်။ ဇက်နဲ့သွားရမယ်ဆိုရင် လူတစ်ဦးအသွားအပြန် ကျပ် ၂၀ဝ၊ ဆိုင်ကယ်အသွားအပြန် ကျပ် ၁၀ဝ၀၊ အိမ်စီးကားနဲ့ ထော် လာဂျီအသွားအပြန် ကျပ် ၃၀ဝ၀၊ ကုန်ကားတွေက အသွား အပြန် ကျပ် ၆၀ဝ၀ ပါ။ ရခိုင်ပြည်နယ် ၁၁ မြို့နယ်က အကုန်လုံး ဇက်နဲ့ဖြတ်ကူးရမှာဖြစ်ပါတယ်။ ဟိုဘက်ကမ်း၊ ဒီဘက်ကမ်းကို အချိန်နှစ်နာရီလောက်ကြာတယ်။ ပြည်သူ တွေအနေနဲ့ ဇက်စောင့်ရမယ့်အချိန်ကြောင့် အချိန်ကုန် မယ့်ကိစ္စတွေဖြစ်လာနိုင်တယ်"ဟု ၎င်းက ပြောဆိုသည်။

ဘတ်ဂျက်ချပေးထား

ယင်းတံတားသည် လွန်ခဲ့သည့် ၁၉၉၉ ခုနှစ် ဒီဇင်ဘာလက တည်ဆောက်ပြီးစီးခဲ့ပြီး ယခုအခါတွင် ခံနိုင်ရည်မရှိတော့ သဖြင့် ၁၃ တန်နှင့်အောက်ယာဉ်များသာ ဖြတ်သန်းသွား လာရန်နှင့် ၁၃ တန်အထက်ယာဉ်များကို ဇက်ဖြင့်ပို့ဆောင် မည်ဖြစ်ကြောင်း ယခုနှစ် မေလက စီစဉ်ခဲ့သည်။ အဆင့်မြင့် တံတားအဖြစ် ပြုပြင်တည်ဆောက်ရန် ယခုနှစ်ဘတ်ဂျက် တွင် ငွေကျပ် လေးဘီလီယံချပေးထားကြောင်းလည်း သိရ သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး