လားရှိုးမြို့အနီးကျေးရွာများမှတိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်ရသည့် ဒေသခံများ လူဦးရေ ၁၅၀ဝ ခန့်ရှိပြီဖြစ်

လားရှိုးမြို့အနီးကျေးရွာများမှတိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်ရသည့် ဒေသခံများ လူဦးရေ ၁၅၀ဝ ခန့်ရှိပြီဖြစ်

လားရှိုးမြို့နယ် ၂၁ မိုင်မန်ပြိန်းရွာအနီးတွင် အောက်တိုဘာ ၂၆ ရက်က တိုင်ရင်းသား လက်နက်ကိုင်အဖွဲ့ အချင်းချင်း ဖြစ်ပွားနေသည့်တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်ရသည့် ဒေသခံများ ယနေ့အောက်တိုဘာ ၃၀ရက် အထိ လူဦးရေ ၁၅၀ဝ ခန့်ရှိပြီဖြစ်သည်။

"ထွက်ပြေးလာတဲ့သူက အားလုံးပေါင်းလိုက်ရင် ၁၅၀ဝ ဝန်းကျင်ရှိပြီဗျ။ ကျွန်တော့် ကျေးရွာအုပ်စုက ပိုများပါတယ်။ဒီနေ့ည ထက်ပြီးထွက်ပြေးလာတာတော့ နမ္မတူမြို့နယ် နားဆိုင်းကျေးရွာအုပ်စုထဲက မိုင်းတောင်ရွာက တစ်ရွာလုံးပါပဲ။အခုလက်ရှိအခြေအနေကိုတော့ ခန့်မှန်းလို့တောင်မရနိုင်ပါဘူး" ဟု အီနိုင်းကျေးရွာအုပ်ချုပ်ရေးမှူးစိုင်းအောင်မြင့်က ပြောသည်။

''ကျွန်တော်တို့ရွာ ဘေးအထိကင်းစခန်းချထားပြီး ရွာဘေးမှာတိုက်ပွဲဖြစ်။ လက်နက်ကိုင်တွေလည်း ရွာထဲမှာ ခြေရှုပ်နေပြီး လုံခြုံရေး စိတ်မချရတော့လို့ အခုထပ်ရောက်လာတဲ့ သူတွေရော အရင်ရက်ထဲကရောက်နေတဲ့သူတွေရော လားရှိုးမြို့ပေါ်ကို အခုညတွင်းချင်း ပြောင်းရွှေ့ပေးနေတာပါ။ ကချင်နှစ်ခြင်းဘုရားကျောင်းမှာ ခိုလှုံနေတဲ့ လူ ၂၀ဝ ကျော်ကလွဲရင် အားလုံးပြောင်းရွှေ့သွားကြတယ်။'' ဟု ၎င်း က ဆက်ပြောသည်။

အောက်တိုဘာ ၂၉ ရက်နံနက်ပိုင်းက အီနိုင်းရွာဘေးတွင် တိုက်ပွဲဖြစ်ကာ ပစ်ခတ်သံများ ကြားနေရသည့် အချိန်တွင် အီနိုင်းကျေးရွာထဲ၌ SSPP/SSA ဟု ယူဆရသည့် ကချင်စကားသုံးသည့် အရပ်ဝတ်လက်နက်ကိုင်တပ်ဖွဲ့များရှိနေသည်။ ထိုနောက် မွန်းလွဲ ၁ နာရီဝန်းကျင်ခန့်တွင် အီနိုင်းရွာထဲသို့ RCSS/SSA တပ်ဖွဲ့ဝင်များ ရောက်လာခဲ့ကြသည်။

"မနက်ပိုင်းလာတာက SSPP/SSA တပ်ပေါင်းစုလို့ပြောတယ်။ပစ်ခတ်သံ ခဏငြိမ်သွားပြီးနေ့လည်ပိုင်းမှာ ရွာထဲဝင်လာတာ RCSS တပ်ဖွဲ့ဝင်တွေဗျ။ ယူနီဖောင်းတွေနဲ့ ကျွန်တော်တို့ မုန့်နဲ့ ရေ စားစရာ အနည်းအကျဉ်းတောင် ပေးလိုက်သေးတယ်" ဟု စစ်ဘေးရှောင်များကို ကူညီပြောင်းရွှေ့ပေးနေသည့် လူမှုကူညီရေးအသင်းမှ အတွင်းရေးမှူးက ပြောသည်။

ယခုကဲ့သို့ တိုက်ပွဲအခြေအနေပြင်းထန်မှုရှိနေပြီး ပြည်သူတွေအတွက်လုံခြုံရေးကို မည်သူက တာဝန်ယူကာကွယ်ပေးမည်ကို အာမခံချက်မရှိသေးချိန်တွင် ပရဟိတအသင်းသားများ အကြိမ်ကြိမ် သွားရောက်ခေါ်ဆောင်သော်လည်း အီနိုင်းရွာကချင်ဘုရားကျောင်း၌ ခိုလှုံနေသည့် စစ်ရှောင် ၂၀ဝ ကျော်က ဘုရားကျောင်း စစ်တလင်းဖြစ်မည်စိုးသဖြင့် ယခုအချိန်ထိ ပြောင်းရွှေ့လာခြင်းမရှိသေးပေ။

''ကျွန်မတို့ရွာက အီနိုင်းရွာနဲ့ဆို ၅ မိုင်ကွာဝေးပါတယ်၊ရွာကအတွင်းကျပြီး တောင်တွေဘေးကသွားရပါတယ်။ အခု အီနိုင်းရွာအထိ လမ်းလျှောက်လာတာ ၂ နာရီကြာတယ်။ရွာဘေးတစ်ဝိုက်မှာက ပြောက်ကျားတပ်တွေ (RCSS)ဆိုလိုသည်)အများကြီးဝိုင်းထားတဲ့ပုံမျိူး၊ အစိမ်းတပ်တွေ (SSPP/SSA တပ်ပေါင်းစုကိုဆိုလိုသည်)ကတော့ ဟိုဘက် လမ်းတစ်ခြမ်းမှာပဲရှိတယ်။လူအရမ်းများကြတယ်၊ အခုထွက်ပြေးလာတဲ့အချိန် သူတို့တိုက်ပွဲဖြစ်နေပါတယ်။ အသံတွေကြားနေရတယ်။'' ဟု အောက်တိုဘာ ၂၉ ရက်ညက ရွာလုံးကျွတ်ထွက်ပြေးလာသည့် မိုင်းတောင်ရွာမှ ဒေါ်အေးဟန်က ပြောသည်။

"အရမ်းကြောက်တယ်။အခုဘယ်လိုမှမနေရဲတော့လို့ထွက်ပြေးလာတာပါ။ ပြေးလာတဲ့ ရွာကလူတွေထဲမှာ ကလေးမွေးပြီး ၅ ရက် ၉ ရက်ပဲရှိသေးတဲ့ ကလေးငယ်လေးတွေ ကိုယ်ဝန်ဆောင်သည်က လေးဦးလည်းပါတယ် ။ တော်တော် ဒုက္ခရောက်ပါတယ်" ဟု ၎င်းက ဆက်ပြောသည်။

လားရှိုးမြို့နှင့် ၁၅ မိုင်ဝေးသည့် ၎င်း ကျေးရွာများအနီးတွင် နှစ်ဘက် လက်နက်ကိုင်များအင်အားများကြောင်းနှင့် တစ်ဘက်နှင့်တစ်ဘက် နောက်ဆုတ်ပေးမည့်အနေအထားမရှိဘဲ စစ်ရေးအခြေအနေပြင်းထန်နေသောကြောင့် ၎င်းစစ်ပွဲသာ ရက်ရှည်သွားမည်ဆိုပါက စပါးရိတ်သိမ်းချိန်ကျော်သွားကာ တစ်နှစ်ပတ်လုံး စားနပ်ရိက္ခာ ဒုက္ခ ရောက်မည်ကို ပြည်သူများက စိုးရိမ်နေကြသည်။

စစ်ဘေးရှောင်တစ်ထောင်ကျာ် လားရှိုးမြို့ ရပ်ကွက် ၁၂ မန်ဆူရှမ်းကျောင်းတွင် ခိုလှုံနေကြပြီး ဆရာတော်၏ အကူညီအထောက်အပံ့နှင့် အလှူရှင်များအကူအညီဖြင့် လားရှိူးမြို့ အထွေထွေအုပ်ချုပ်ရေးဌာနက ကူညီဖြေရှင်းပေးနေကြောင်း လားရှိုးမြို့ မြိုနယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးနေလင်းထွန်းက ပြောသည်။

"ကျွန်တော်တို့ အနေနဲ့ ရောက်လာတဲ့ စစ်ရှောင်ပြည်သူအားလုံးစားဖို့နေဖို့အဆင်ပြေနိုင်ဖို့ နေ့စဉ် အလှူရှင်တွေနဲ့ ပူးပေါင်းပြီးကူညီဖြေရှင်းပေးသွားမှာပါ။ ဆရာတော်ရဲ့ ကျောင်းဝင်းရဲ့နေရာထိုင်ခင်းကလည်းကျယ်တော့ လောလောဆယ် လူဦးရေအတွက်တော့ လုံလောက်မှုရှိပါတယ်။ ငြိမ်းချမ်စေချင်ပါပြီ။ အခုစစ်ရှောင်လာတဲ့ရွာတွေက ပြီးခဲ့တဲ့ မိုးဦးကာလမှာလည်း ရေကြီးလို့ သီနှံတွေပျက်စီးကုန်တယ်။ ဒါကြောင့် နောက်ဆုံးသီနှံဖြစ်တဲ့ စပါးနဲ့ပြောင်းဖူးကိုပဲအားကိုရမယ့် ဒီအချိန်မှာ အခုလိုစစ်ရှောင်နေရတာ သူတို့အတွက် အခက်အခဲအများကြီးဖြစ်ပါတယ်"ဟု ၎င်းက ဆက်လက်ပြောကြားသည်။

မန်ဆူရှမ်းကျောင်းမှ ကျောင်းထိုင်ဆရာတော်ကြီးကလည်း ''ရောက်တဲ့ စစ်ဘေးရှောင်အားလုံး ဘာမှမပူနဲ့ ဘာမှအားမငယ်နဲ့။ဒါက စစ်ဘေးရှောင်နေတာမဟုတ်ဘူး။ ဘုန်းဘုန်းတို့ အားလုံးပြန်ဆုံတွေ့ရမှာမို့အကြောင်းဖန်လာတာစားဖို့နေဖို့ဘာမှမပူနဲ့" ဟု အားပေးစကားဆိုသည်။

ယခုစစ်ဘေးရှောင် တစ်ထောင်ကျော်အတွက် အခြေခံစားသောက်ကုန်များလိုအပ်ပြီး ကလေးသူငယ်များ ကိုယ်ဝန်ဆောင်များပါဝင်သည့်အတွက် ကျန်းမာရေးစောင့်ရှောက်မှုများ အချိန်ပြည့်စောင့်ကြည့်ပေးရန် လိုအပ်နေသည်။

 

 



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး