အာရှနှင့်ပစိဖိတ် လူငယ်ရွက်လှေပြိုင်ပွဲ ငွေဆောင်ကမ်းခြေ၌ ကျင်းပမည်

အာရှနှင့်ပစိဖိတ် လူငယ်ရွက်လှေပြိုင်ပွဲ ငွေဆောင်ကမ်းခြေ၌ ကျင်းပမည်

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် ၂၀၁၈ခုနှစ် အာရှနှင့် ပစိဖိတ် လူငယ်ရွက်လှေပြိုင်ပွဲကို နိုဝင်ဘာ ၁၀ရက်မှ ၁၇ရက်အထိ ငွေဆောင်ကမ်းခြေရှိ Ngwe Saung Yacht Club & Resort၌ ကျင်းပမည်ဖြစ်သည်။

ဝင်ရောက်ယှဉ်ပြိုင်

အဆိုပါပြိုင်ပွဲသို့ သြစတြေးလျ၊ ကနေဒါ၊ တရုတ်၊ ဖီဂျီ၊ ဟောင်ကောင်၊ အိန္ဒိယ၊ ဂျပန်၊ တောင်ကိုရီးယား၊ မြန်မာ၊ နယူးဇီလန်၊ အိုမန်၊ စင်ကာပူ၊ သီရိလင်္ကာ၊ တရုတ်တိုင်ပေ၊ ထိုင်းနှင့် အမေရိကန်စသည့် နိုင်ငံပေါင်း (၁၆)နိုင်ငံမှ လူငယ်ရွက်လှေကစားသမား ၁၃၀ဦး ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

ပြိုင်ပွဲတွင် အသက်၁၅နှစ်အောက် လူငယ်များအတွက် တစ်ဦးတည်းစီးနင်းရသည့် ရွက်လှေများဖြင့် ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး အာရှ၊ပစိဖိတ်သမုဒ္ဒရာဒေသနှင့် မြောက်အမေရိက တစ်ဝိုက်မှ လူငယ်ရွက်လှေကစားသမားများ လာရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

ယုံကြည်ထား

မြန်မာနိုင်ငံရွက်လှေအဖွဲ့ချုပ်သည် အဆိုပါပြိုင်ပွဲကို အိမ်ရှင်အဖြစ် ကျင်းပခွင့်ရရန်အတွက် ၂၀၁၆ခုနှစ်တွင် အိုမန်၊ တောင်ကိုရီးယား၊ယူအေအီးစသည့် နိုင်ငံများနှင့် ယှဉ်ပြိုင်ခဲ့ရကြောင်း ရွက်လှေအဖွဲ့ချုပ်ဒုတိယဥက္ကဋ္ဌ ဦးဖုန်းကျော်မိုးမြင့်က ပြောဆိုခဲ့သည်။

" ဒီလိုအစဉ်အလာကြီးမားတဲ့ နိုင်ငံတကာရွက်လှေပြိုင်ပွဲကို မြန်မာနိုင်ငံမှာ ကျင်းပခွင့်ရတဲ့အတွက် အရမ်းဂုဏ်ယူမိပါတယ်။ ဒီပြိုင်ပွဲလက်ခံကျင်းပခွင့်ရဖို့ ၂၀၁၆ခုနှစ်မှာ ပေါ်တူဂီနိုင်ငံမှာ ကျင်းပခဲ့တဲ့ Optimist World Championsip ပြိုင်ပွဲအထိသွားပြီး အိုမန်၊ တောင်ကိုရီးယား၊ယူအေအီးစတဲ့ နိုင်ငံတွေနဲ့ ယှဉ်ပြိုင်ခဲ့ရတာပါ။ ဒီလိုအစဉ်အလာကြီးမားတဲ့ ပြိုင်ပွဲအတွက် ပြင်ဆင်နေတာ ၂နှစ်လောက်ရှိပါပြီ။ ကစားသမားလူငယ်တွေ ကြိုးကြိုးစားစားနဲ့ လေ့ကျင့်နေတာကြောင့် သူတို့နိုင်ငံ့ဂုဏ်ဆောင်နိုင်မယ်လို့ ယုံကြည်ပါတယ်"ဟု ၎င်းက ပြောဆိုခဲ့သည်။

အသက်အငယ်ဆုံး

အဆိုပါပြိုင်ပွဲသို့ မြန်မာနိုင်ငံမှ အမျိုးသား ၁၀ဦးနှင့် အမျိးသမီး ၈ဦး ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး လူငယ်ကစားသမားများ၏ ပျမ်းမျှအသက်မှာ ၁၂နှစ်အရွယ်သာရှိသေးကာ အသက်အငယ်ဆုံးအဖြစ် ၁၁နှစ် အရွယ်ကစားသမားတစ်ဦး ပါဝင်မည်ဖြစ်ကြောင်း သိရသည်။



ဖတ်ရှုမှုအများဆုံး