ဂျပန်တော်ဝင်မင်းသမီး အာယာကိုသည် အရပ်သားနှင့်လက်ထပ်ပါက တော်ဝင်မင်းသမီးဘွဲ့ကို စွန့်လွှတ်ရမည်ဖြစ်သော်လည်း အချစ်ကိုဦးစားပေးသည့်အနေဖြင့် ချစ်သူအရပ်သား ကေမော်ရီယာနှင့် တိုကျိုရှိ မေဂျီဘုရားကျောင်း၌ အောက်တိုဘာ ၂၉ ရက်တွင် လက်ထပ်ထိမ်းမြားလိုက်ပြီဖြစ်သည်။
ပြုံးရွှင်နေသည့်ချစ်သူစုံတွဲ ဘုရားကျောင်းထဲသို့ ဝင်ရောက်ချိန်တွင် စုဝေးနေသည့် ဂျပန်ပြည်သူများက သက်တော်ရာကျော်ရှည်ပါစေ ဟု ကြွေးကြော်ခဲ့ကြသည်။
မိသားစုဝင်များနှင့် မိတ်ဆွေများက သတို့သားနှင့် သတို့သမီးကို ကြိုဆိုခဲ့ကြသည်။အသက် ၂၈ နှစ်အရွယ် အာယာကိုသည် မင်းသမီး ဟီဆာကိုနှင့် ကွယ်လွန်သူ မင်းသား တာကာမိုဒိုတို့၏ အငယ်ဆုံးကလေးဖြစ်သည်။
ဂျပန်တော်ဝင်ဥပဒေများအရ တော်ဝင်မိသားစုရှိ အမျိုးသမီးများသည် အရပ်သားတစ်ဦးနှင့် လက်ထပ်ပါက တော်ဝင်မိသားစုဝင်ဆိုသည့် ဂုဏ်ထူးဘွဲ့ထူးနှင့် ခံစားခွင့်များကို လက်လွှတ်ရမည်ဖြစ်သည်။ အမျိုးသားများမှာမူ အရပ်သူကိုလက်ထပ်လည်း ယင်းသို့ စွန့်လွှတ်စရာ မလိုအပ်ချေ။
သင်္ဘောလုပ်ငန်း နစ်ပွန်ယူဆန်ကေကေမှ ဝန်ထမ်းတစ်ဦးဖြစ်သည့် အသက် ၃၂ နှစ်အရွယ် မော်ရီယာနှင့်လက်ထပ်လိုက်သောကြောင့် မင်းသမီးသည် တော်ဝင်မိသားစုဝင်အဖြစ်မှရပ်ဆိုင်းခံခဲ့ရပြီးနောက် နေထိုင်စားသောက်စရိတ်အဖြစ် ဂျပန်အစိုးရက ၎င်းကို တစ်လုံးတစ်ခဲတည်းချီးမြှင့်ငွေ ဒေါ်လာ ၉၅၀ဝ၀ဝ ထောက်ပံ့မည်ဖြစ်သည်။
ဇနီးဖြစ်သူသည် ချောမောလှပလွန်းပြီး ၎င်းကို ကောင်းမွန်စွာပြုစုစောင့်ရှောက်မည်ဖြစ်ကာ ရယ်မောပျော်ရွှင်ရသည့် မိသားစုလေးကို တည်ထောင်မည်ဖြစ်ကြောင်း မော်ရီယာက ပြောဆိုခဲ့သည်။
ကိုယ့်ကိုယ်ကိုယ် ကံကောင်းလွန်းသူအဖြစ် မှတ်ယူထားပြီး တော်ဝင်မိသားစုမှ ထွက်ခွာရမည်ဖြစ်သော်လည်း ဂျပန်ဧကရာဇ်ဘုရင်အား ဆက်လက်လေးစားရိုသေနေဦးမည်ဖြစ်ကြောင်း အာယာကိုက ပြောဆိုခဲ့သည်။

















