ဟွာဝေးနှင့် ဇက်တီအီးတို့ကို သြစတြေးလျ 5G ကွန်ရက်၌ ပါဝင်ခွင့် ပိတ်ပင်သင့်ဟု ထောက်လှမ်းရေးအကြီးအကဲဆို

ဟွာဝေးနှင့် ဇက်တီအီးတို့ကို သြစတြေးလျ 5G ကွန်ရက်၌ ပါဝင်ခွင့် ပိတ်ပင်သင့်ဟု ထောက်လှမ်းရေးအကြီးအကဲဆို

သြစတြေးလျ၌ ပဉ္စမမျိုးဆက် မိုဘိုုင်းဖုန်းနည်းပညာ 5G ကွန်ရက်ဖြန့်ကျက်ရာတွင် တရုတ် ဆက်သွယ်ရေး နည်းပညာကုမ္ပဏီကြီးများဖြစ်သည့် ဟွာဝေးနှင့် ဇက်တီအီးကုမ္ပဏီများအား ပါဝင်ခွင့်ပေးလိုက်ပါက လျှပ်စစ်ဓာတ်အားစနစ်၊ ရေပေးဝေရေးစနစ်နှင့် ဆေးရုံများ၏လုံခြုံရေးထိခိုက်သွားနိုင်ကြောင်း သြစတြေးလျနိုင်ငံခြားထောက်လှမ်းရေးဌာန၏ ညွှန်ကြားရေးမှူးချုပ် မိုက်ခ် ဘာဂျက်စ်က အောက်တိုဘာ ၃၀ ရက်တွင် ပြောဆိုလိုက်သည်။

အန္တရာယ်ရှိနိုင်သည့် ယင်းတရုတ်ကုမ္ပဏီနှစ်ခုကို တားမြစ်ပိတ်ပင်ရန် သြစတြေးလျအစိုးရက သြဂုတ်တွင် ဆုံးဖြတ်လိုက်ခြင်းကို ဌာနရှိ ဆိုက်ဘာကျွမ်းကျင်သူများကလည်း ထောက်ခံထားကြောင်း ဘားဂျက်စ်ကပြောဆိုခဲ့သည်။ 5G ကွန်ရက်မှ ဟွာဝေးနှင့် ဇက်တီအီးတို့ကို ပိတ်ပင်ရန် အကြံပြုလိုကြောင်း ၎င်းကပြောဆိုခဲ့သည်။

သြစတြေးလျလုံခြုံရေးဌာနများသည် အန္တရာယ်ရှိနိုင်သည့် ကုမ္ပဏီများကို ဆက်သွယ်ရေးကွန်ရက်၏ သာမညတာဝန်များကိုပေးပြီး အဓိကသတင်းအချက်အလက်များ မပေါက်ကြားအောင် လုပ်ဆောင်ခဲ့သော်လည်း ယခုအချိန်တွင် အဓိကနှင့် သာမညတာဝန်များကြား ခြားထားသည့် စည်းမရှိတော့ပေ။

ယင်းကြောင့် ကွန်ရက်ရှိ နေရာတစ်ခုတွင် အန္တရာယ်ရှိနေခြင်းသည် ကွန်ရက်တစ်ခုလုံး အန္တရာယ်ရှိနေခြင်းဖြစ်ကြောင်း ဘားဂျက်စ်ကပြောဆိုခဲ့သည်။

ကျန်းမာရေးစနစ်၊ အဝေးထိန်းစနစ်ဖြင့် ခွဲစိတ်ကုသမှု၊ မောင်းသူမဲ့မော်တော်ယာဉ်များ၊ လျှပ်စစ်ဓာတ်အားနှင့် ရေပေးဝေရေးစနစ်များအပါအဝင် သြစတြေးလျနိုင်ငံသားများ နေ့စဉ်မှီခိုနေရသည့် ဆက်သွယ်ရေးစနစ်တွင် 5G ကွန်ရက်သည် အဓိကနေရာမှပါဝင်နေမည်ဖြစ်သောကြောင့် တရုတ်ကုမ္ပဏီနှစ်ခုပေးနိုင်သည့် အန္တရာယ်ကို လျစ်လျူရှုထားလို့မရကြောင်း ဘားဂျက်စ်ကပြောဆိုခဲ့သည်။

၂၀၁၁ ခုနှစ်တွင် သြစတြေးလျ ဘရော့ဘန့်ကွန်ရက်အတွက် စာချုပ်ချုပ်ဆိုနိုင်ရေး ပါဝင်ယှဉ်ပြိုင်မှုတွင် ဟွာဝေး ပိတ်ပင်ခံခဲ့ရသည်။ အသံထက်မြန်သော ဒုံးကျည်စနစ်နှင့် ရေကြောင်း၊လေကြောင်း သွားလာရေးစနစ် နည်းပညာသုတေသန နယ်ပယ်များတွင် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်( ပီအယ်လ်အေ) မှ သိပ္ပံပညာရှင်များနှင့် သြစတြေးလျ တက္ကသိုလ်များကြား ပိုမိုပူးပေါင်းဆောင်ရွက်မှုနှင့်ပတ်သက်၍ သြစတြေးလျလုံခြုံရေးဆိုင်ရာ ပညာရှင်အဖွဲ့တစ်ဖွဲ့က အောက်တိုဘာ ၃၀ ရက်တွင် သတိပေးပြောဆိုခဲ့သည်။

တရုတ်သိပ္ပံပညာရှင်တချို့သည် စစ်သည်ဖြစ်သည်ဆိုသည့်အချက်ကို ဖုံးဖိထားပြီး အပြင်တွင် တကယ်မရှိသော ပညာရပ်ဆိုင်ရာအဖွဲ့အစည်းများမှ ဧည့်ပညာရှင်များပုံဖမ်းကာ သြစတြေးလျသို့ လာရောက်နေကြောင်း သြစတြေးလျ မဟာဗျူဟာရေးရာ မူဝါဒအင်စတီကျုမှ သိပ္ပံပညာရှင် အဲလက်စ် ဂျော့စကီက ပြောဆိုခဲ့သည်။
၂၀ဝ၇ ခုနှစ်မှစ၍ ပီအယ်လ်အေသည် စစ်ဘက်ဆိုင်ရာသိပ္ပံပညာရှင်နှင့် အင်ဂျင်နီယာ ၂၅၀ဝ ကျော်တို့အား ပြည်ပသို့ ပညာတော်သင် စေလွှတ်ခဲ့ကြောင်း အင်စတီကျု၏အစီရင်ခံစာတွင် ဖော်ပြထားသည်။