ရွှေ့ပြောင်းခိုလှုံလိုသူများကို တားဆီးရန် မက္ကဆီကိုနယ်စပ်သို့ စစ်သည် ၅၂၀ဝ အမေရိကန်စေလွှတ်မည်

ရွှေ့ပြောင်းခိုလှုံလိုသူများကို တားဆီးရန် မက္ကဆီကိုနယ်စပ်သို့ စစ်သည် ၅၂၀ဝ အမေရိကန်စေလွှတ်မည်

အမေရိကန်ပြည်ထောင်စုတွင် ခိုလှုံနေထိုင်ရန် ရည်ရွယ်ချက်ဖြင့် မက္ကဆီကိုကိုဖြတ်သန်းကာ လာရောက်နေသည့် ဗဟိုအမေရိကဒေသမှ ရွှေ့ပြောင်းများကို တားဆီးရန် မက္ကဆီကိုနယ်စပ်သို့ အမေရိကန်တပ်ဖွဲ့ဝင် ၅၂၀ဝ စေလွှတ်နေသည်။

သစ္စာရှိပြည်ချစ်စစ်ဆင်ရေးဟု ဗိုလ်ချုပ်ကြီးတဲရန့်စ် အိုရှောင်နက်စီကပြောဆိုပြီး လက်နက်များ၊ လေယာဉ် ရဟတ်ယာဉ်များ ပါဝင်မည့် ယင်းစစ်ရေးလှုပ်ရှားမှုတွင် မူလက ကြေညာထားသည့် စစ်သည် ၈၀ဝ စေလွှတ်ရန်ထက်များစွာ သာလွန်သည်။ 
တက္ကဆက်၊ အာရီဇိုးနားနှင့် ကာလီဖိုးနီးယား ပြည်နယ်နယ်စပ်များသို့ အဓိကအာရုံစိုက်မည်ဖြစ်သည်။

ရွှေ့ပြောင်းများ ကျူးကျော်လာပါက အမေရိကန်စစ်တပ်ကစောင့်နေသည်ကို တွေ့ကြရမည်ဟု သမ္မတထရမ့်က စောစောပိုင်း၌ ပြောဆိုခဲ့သည်။ ရွှေ့ပြောင်းများတွင် လူဆိုးဂိုဏ်းဝင်များ၊ ဆိုးသွမ်းသူများရောနှောပါဝင်လာနိုင်ကြောင်းလည်း ပြောဆိုခဲ့သည်။ ဧပြီလကပင် ထရမ့်တောင်းဆိုမှုကြောင့် နယ်စပ်၌ အမျိုးသားအစောင့်တပ် တပ်ဖွဲ့ဝင် ၂၁၀ဝ ရောက်ရှိနေခဲ့ပြီဖြစ်သည်။

နိုဝင်ဘာ ၆ ရက်၌ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲမတိုင်မီ ရွှေ့ပြောင်းများအရေးကို မဲဆွယ်ရန် နိုင်ငံရေးအုပ်စု နှစ်ဘက်စလုးက အသုံးချနေကြောင်း စွပ်စွဲခံထားရသည်။ 

လက်တွေ့တွင် ဗဟိုအမေရိကမှထွက်ခွာလာသည့် ရွှေ့ပြောင်းများသည် အမေရိကန်နယ်စပ်နှင့် မိုင် ၁၀ဝ၀(ကီလိုမီတာ ၁၆၀ဝ)ဝန်းကျင်တွင် ရှိနေဆဲဖြစ်သည်။

အနောက်တောင်ပိုင်းနယ်စပ်တွင် ဖြန့်ချမည့်စစ်သည်အရေအတွက်နှင့် မူလရှိပြီး ပေါင်းစပ်ပါက စုစုပေါင်းအင်အားသည် ဆီးရီးယားနှင့်အီရတ်တွင် ဖြန့်ချထားသည့် အမေရိကန်စစ်အင်အား ၂၀ဝ၀ ထက် များစွာပိုလွန်တော့မည်ဖြစ်ကြောင်း ဝေါလ်စထရိဂျာနယ်က ထောက်ပြခဲ့သည်။

အမေရိကန်သို့ဦးတည်နေသော ရွှေ့ပြောင်းအုပ်စုကြီးသည် နှစ်စုကွဲသွားပြီး ထပ်မံပေါင်းဝင်လာသူများလည်း ရှိခဲ့သည်။ လူ ၆၀ဝ ခန့်အုပ်စုတစ်စုသည် အောက်တိုဘာ ၂၉ ရက်၌ ဂွာတီမာလာမှ မက္ကဆီကိုသို့ နယ်စပ်တံတားနှင့် မြစ်ကို ဖြတ်ကျော် ဝင်ရောက်ရန် ကြိုးပမ်းခဲ့၍ ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့သည်။ အောက်တိုဘာ ၂၈ ရက်ည၌ ရွှေ့ပြောင်းတစ်ဦး သေနတ်ထိမှန် သေဆုံးခဲ့ပြီး အကြောင်းရင်း မရှင်းလင်းသေးပေ။